သထုံ၊ ၁၇ ဒီဇင်ဘာ
မွန်ပြည်နယ်၊ သထုံမြို့မြသပိတ်တောင်တန်းပေါ်ရှိ မြသပိတ်စေတီတော်မြတ်ကြီးတွင် ထိုင်းနိုင်ငံမှ လာရောက် လှူဒါန်းထားသည့် အချင်း ၁၂ ပေပတ်လည်၊ အလေးချိန် ၁ တန်ခန့်ရှိသော အာဆီယံ တံဆိပ်ပါ ကြေးမောင်းတော်ကြီးကို ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
မောင်းတော်ကြီးအား ချိတ်ဆွဲတင်ဆောင်ပြီး ဖွင့်လှစ်သည့် အခမ်းအနားကို မြသပိတ်စေတီတော် ရင်ပြင်မြောက်ဘက်မုခ်အနီးရှိ အဆိုပါ ကြေးမောင်းတော်ကြီးထားရှိရာနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်မာမာခိုင်၊ မြသပိတ်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ဂေါပကအဖွဲ့၀င်များက မောင်းတော်ကြီးအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ အောင်စည်အောင်မောင်း သုံးချက်တီးကာ ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် စေတီတော်ဂေါပကအဖွဲ့ဝင်တို့က မြသပိတ်စေတီတော် ဘက်စုံဖွံ့ဖြိုးရေးအတွက် လိုအပ်သည်တို့ကို ညှိနှိုင်းဆွေးနွေးကာ စေတီတော်မြောက်ဘက် တန်ဆောင်း တည်ဆောက်ခြင်း၊ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါကြေးမောင်းတော်ကြီးမှာ ထိုင်းနိုင်ငံ၊ ကျဝတက်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ သံဃာတော်များဦးဆောင်သည့် အလှူရှင်များစုပေါင်းကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က လာရောက်လှူဒါန်းထားခဲ့ခြင်းဖြစ်ပြီး လာရောက်လှူဒါန်းခဲ့စဉ်က သထုံမြို့ရှိ ရွှေစာရံစေတီတော်မြတ်ကြီး၌ အချင်း ၁၅ ပေပတ်လည်ရှိ ကြေးမောင်းကြီးတစ်လုံးနှင့် မြသပိတ်စေတီတော်မြတ်ကြီး၌ အချင်း ၁၂ ပေပတ်လည် ကြေးမောင်းကြီးတို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဦး(သထုံ)


