သထုံမြို့ နိုဝင်ဘာ ၂၅
အစားအသောက် ဘေးကင်းရေးနှင့် ပတ်သက်သော အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်ဆိုင်ရာ အခြေခံဗဟုသုတများ ရရှိစေရန်အတွက် မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီခန့်က ပြည်နယ်ငါးလုပ်ငန်းဦစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
ငါးမွေးမြူသူများအနေဖြင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)စနစ်ဖြင့် နိုင်ငံတကာမှ လက်ခံသည့် မွေးမြူရေးစံနှုန်းများနှင့်အညီ ငါးမွေးမြူရေးနည်းပညာများ ရရှိမွေးမြူနိုင်ပြီး မွန်ပြည်နယ်၏ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်ကာ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုပြည်နယ်မှူး ဦးတင်နိုင်ဝင်း ကပြောသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ စာတွေ့လက်တွေ့ သုံးရက်ကြာ အခမဲ့စားရိတ်ငြိမ်း သင်ကြားပေးပြီး၊ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ စိတ်ဝင်စားသူများစုစုပေါင်း သင်တန်းသား သင်တန်းသူ ၂၅ ဦး တက်ရောက်ကြကြောင်း သိရသည်။
ခွန်(ဝင်းပ)


