သထုံမြို့နယ်၊ နောင်ကုလားရှမ်းရွာ၌ ၂၂ ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား

သထုံ ၂၅ မေ 

 

မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားရှမ်းကျေးရွာ၊ အထက(နောင်ကုလားရှမ်း)ကျောင်းအနီး ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် ယနေ့နံနက်ပိုင်းက ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ယာဉ်မောင်းဖြစ်သူ နိုင်လင်းထွေး မောင်းနှင်လာသော ကွမ်းသီးအိတ်များနှင့် ဘေထုတ်များတင်ဆောင်လာသော အဖြူရောင် ၂၂ ဘီးယာဉ်သည် နောင်ကုလားရှမ်းရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့ လမ်းကွေ့အရောက်တွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရာ လမ်းဘေးရှိ ဓာတ်တိုင်တစ်တိုင် ကျိုးပဲ့ ပျက်စီးသွားခဲ့ပြီး သုံးဘီးဆိုင်ကယ်နှစ်စီး အနည်းငယ်ထိခိုက်ပျက်စီး၍ လူ ၃ ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိသွားသောကြောင့် သထုံပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်းနှင့် ယာဉ်မောင်းသူနှင့် ယာဉ်ပေါ်ပါသူ တစ်ဦးတို့သည် ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူအား သထုံမြို့မ ရဲစခန်းမှ စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

 

ခွန်(ဝင်းပ)