သုဝဏ္ဏဝတီမြို့ ၁၆ သြဂုတ်


မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီးရှိ မိုးကောင်းကျေးရွာအုပ်စု ပုတိမ်ရိုးကျေးရွာအနီး ရထားလမ်းပေါ်တွင် သြဂုတ် ၁၆ ရက် မနက် ၁၁ နာရီခွဲခန့်က ဆွံ့အ၊ နားမကြားသူ မိန်းကလေးငယ် တစ်ဦးအား ရထားတိုက်မိ၍ သေဆုံးသွားကြောင်း သိရသည်။


ရထားတိုက်၍ လူတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ သိမ်ဆိပ်နယ်မြေ ရဲစခန်းမှူး ရဲအုပ်လင်းသူအောင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် မိုးကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇေယျာ၊ ပုတိမ်ရိုးကျေးရွာ ရာအိမ်မှူး ဦးဝင်းထွန်း တို့နှင့်အတူ သွားရောက်စစ်ဆေးရာ  ရထားလမ်းမိုင်တိုင်အမှတ် ၁၃၂/၁၉ နှင့် ၁၃၂/၂၀ အကြားတွင် ဒုံဝန်းကျေးရွာဘက်မှ သထုံမြို့ဘက်သို့ အလုပ်သမားသယ်ပို့ရထား စက်ခေါင်းအမှတ် ED/RGC 102 တွဲအား အောင်နိုင်ထွန်း ၂၂ နှစ်၊ လုပ်သားစက်မောင်း၊ သထုံမီးရထားဘူတာဝန်း၊ သထုံမြို့နေသူ မောင်းနှင်နေစဉ် မသက်နှင်းအိ (၂၃ နှစ်၊ ဆွံ့အ/နားမကြား၊ ပုတိမ်ရိုးကျေးရွာ)သည် ၎င်းနေထိုင်သောရွာသို့ ရထားလမ်းကို ဖြတ်ကူးစဉ် ရထားဥသြဆွဲသည့်အသံကို မကြားသဖြင့် ရထားနှင့်တိုက်မိ၍ ဒဏ်ရာရရှိသေဆုံးသွားကြောင်း သိရသဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။


ဖြစ်စဉ်နှင့်ပတ်သက်၍ သိမ်ဆိပ်နယ်မြေရဲစခန်းမှ အမူဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ခွန်(ဝင်းပ)