သထုံမြို့နယ်အတွင်း ယနေ့တိုင်ရှိနေသော တိုင်းရင်းသားရိုးရာ ခြံနတ်ပူဇော်ဓလေ့

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများသည် မိမိတို့စိုက်ပျိုးထားသော ရာသီပေါ်သီးနှံပင်များ စတင်၍ အဖူးအပွင့်များ ထွက်ပေါ်လာချိန်နှင့် အသီးအနှံများ စတင်သီးနေချိန်အတွင်း အသီးများအောင်မြင် ဖြစ်ထွန်းစေရန်နှင့် အသီးအနှံများ အထွက်တိုးပြီး အပျက်အစီး အလေအလွင့်မရှိစေရန်၊ ကျေးငှက်တိရစ္ဆာန်များ၏ ဖျက်ဆီးမှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် တောပိုင် တောင်ပိုင်များအား တင်မြှောက်ပူဇော်ခြင်း (ဒေသအခေါ်) ခြံနတ်တင်ခြင်းကို နှစ်စဉ် ဒီဇင်ဘာလအတွင်း တစ်နှစ်တစ်ကြိမ် အစဉ်အဆက် ပြုလုပ်ခဲ့ကြပြီး ယနေ့တိုင်လည်း ထိုဓလေ့ကို ပြုလုပ်နေကြဆဲဖြစ်သည်ကို တွေ့ရသည်။

 

နတ်စင်ပင်

 

ထိုသို့ ခြံနတ်တင်သည့် ဓလေ့ကို ရာသီပေါ်သီးနှံများဖြစ်သည့် ဒူးရင်းခြံ၊ မင်းကွတ်ခြံ၊ နာနတ်ခြံများတွင်သာမက ရော်ဘာခြံများတွင်လည်း ပြုလုပ်ကြပြီး ခြံများတွင် သက်တမ်းရှည်အပင်ကြီးများ၊ အသီးများသည့်အပင်များကို နတ်စင်ပင်အဖြစ် သတ်မှတ်ကာ မိမိစိုက်ပျိုးထားသော ခြံတစ်ခြံတွင် မိမိယုံကြည်သည့် ဓလေ့ဖြစ်သည့် သက်သတ်လွတ်နတ်စင်ပင်နှင့် အသက်မလွတ် နတ်စင်ပင်ဟူ၍ ခြံတစ်ခြံလျှင် နတ်စင်ပင်နှစ်ပင်ကို သီးခြားစီ သတ်မှတ်ထားကြသည်။ ခြံနတ်တင်ရာတွင် ခြံရှင်၏ ယုံကြည်မှုအတိုင်း အသက်လွတ်နတ်စင်ပင်တွင် အသက်လွတ်ဟင်းလျာများဖြစ်သည့် ထမင်း၊ မုန့်ပဲသရေစာ၊ အချိုရည်၊ ဖယောင်းတိုင်၊ အမွှေးတိုင်များဖြင့် ပူဇော်တင်မြှောက်ကြပြီး အသက်မလွတ် နတ်စင်ပင်တွင် ထမင်း၊ ကြက်သား၊ ကြက်ဥ၊ အချိုရည် ဆေးလိပ်၊ အရက် စသည်တို့ဖြင့် ပူဇော် တင်မြှောက်ကြသည်။

 

 

ခြံနတ်တင်မြှောက်ရာတွင် ကရင်တိုင်းရင်းသားနှင့် ပအိုဝ်းတိုင်းရင်းသားများ၏ ရိုးရာအလိုက် တင်မြှောက်ပုံ အနည်းငယ် ပုံသဏ္ဌာန်ကွဲပြားမှု ရှိကြသော်လည်း အဓိကရည်ရွယ်ချက်ဖြစ်သည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းရန်၊ အထွက်တိုးရန်၊ အပျက်အစီး အလေအလွင့်နည်းရန် စသည့် အနှစ်သာရများမှာ အတူတူပင်ဖြစ်သည်။

 

ဧည့်ခံကျွေးမွေး

 

ထိုသို့ နတ်တင်ပူဇော်တင်မြှောက်ပြီးချိန်တွင် ခြံရှင်တို့က ခြံနတ်တင်ရန်အတွက် ချက်ပြုတ်လာသော ထမင်း၊ ဟင်း၊ မုန့်ပဲသရေစာ၊ အချိုရည်၊ အရက်များဖြင့် ခြံနတ်တင်ရာ ခြံအတွင်းသို့ လာရောက်ကြသော ကလေး၊ လူကြီး၊ ဧည့်သည်အပေါင်းတို့အပြင် ခြံနတ်တင်နေသည်ကို တွေ့မြင်၍ ဝင်ရောက်ကြည့်ရှုသူများအား ဧည့်ခံကျွေးမွေးကြတော့သည်။ ယခုကဲ့သို့ ခြံနတ်တင်မြှောက် ပူဇော်ခြင်းကြောင့် သီးနှံများ အထွက်တိုး၍ စီးပွားရေးကောင်းမွန်ကာ မိမိတို့ကိုသာမက မိသားစု၊ ဆွေမျိုးများ၏ အသက်အန္တရာယ်များကို တင်မြှောက်ပသသည့် နတ်အပေါင်းက ကာကွယ်စောင့်ရှောက်ပေးသည်ဟု တိုင်းရင်းသားများက လက်ခံယုံကြည်ကြပြီး ယနေ့ထက်တိုင်လည်း ထိုသို့ ယုံကြည်မှုများဖြင့် ခြံနတ်တင်သည့် ရိုးရာဓလေ့ကို ပြုလုပ်နေကြဆဲဖြစ်ကြောင်း သိရသည်။

 

ရိုးရာဓလေ့

 

သုဝဏ္ဏဝတီမြို့ အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ဝင်းပ၊ ဝီယော်၊ နောင်ဘို၊ မိုးကောင်း၊ တံတားဦးနှင့် ဇရစ်ချောင် ကျေးရွာများတွင် နေထိုင်ကြသော တိုင်းရင်းသားများ၏ ဒူးရင်းခြံ၊ မင်းကွတ်ခြံ၊ နာနတ်ခြံများနှင့် ရော်ဘာခြံများ အစရှိသည့် ဥယျာဉ်ခြံများအတွင်း၌ သီးနှံအထွက်တိုးစေရန်နှင့် လေလွင့်ပျက်စီး ဆုံးရှုံးမှုနည်းစေရန်အတွက် ခြံနတ်တင်ခြင်းကို တိုင်းရင်းသားများ၏ ရိုးရာဓလေ့တစ်ခုအဖြစ် ဆောင်ရွက်နေကြပုံများကို ဒီဇင်ဘာလအတွင်းမှစ၍ သီးနှံများဖူးပွင့်ချိန် မတိုင်မီအထိ မြင်တွေ့နေ ရဆဲဖြစ်လေသည်။

 

ခွန်(ဝင်းပ)