သထုံ ဖေဖော်ဝါရီ ၁၁

 

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သထုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် သထုံမြို့နယ် မြေနီကုန်းကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတားဖွင့်ပွဲကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပသည်။

 

ဦးစွာ ကုန်ထုတ်လမ်းနှင့်တံတားအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူး ဦးသန်းလွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်နိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တက်ထွန်းဝင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံက ယနေ့ဖွင့်လှစ်ပေးသည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ယနေ့ဖွင့်လှစ်သည့် ကုန်ထုတ်လမ်းနှင့် တံတားကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၂၉၁ ဒသမ ၄ သန်းဖြင့် ခြူးကမ္ဘာမာန်ကုမ္ပဏီက ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး အရှည် ပေ ၆၀၀၊ အကျယ် ၁၂ ပေရှိ ဂဝံမြေသားကုန်ထုတ်လမ်းနှင့် အရှည် ပေ ၆၀၊ အကျယ် ၁၆ ပေနှင့် အမြင့် ၁၂ ပေရှိ ကွန်ကရစ်တံတား တစ်စင်းတို့ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)