mdn

သထုံ   အောက်တိုဘာ   ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက အောက်တိုဘာ ၅ ရက် နံနက်ပိုင်းမှ စတင်၍ ကျောက်တန်းကျေးရွာ အုပ်စုအတွင်းရှိ ပြည်သူများအား အမက(ကျောက်တန်း)၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သထုံမြို့နယ် ဦးစီးမှူးရုံးမှ  ဦးစီးမှူး ဦးခင်ထွန်းဦးဆောင်သော ဝန်ထမ်းများက ကျောက်တန်းကျေးရွာ အုပ်စုအတွင်းမှ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နေ့ချင်းပြီး ဆောင်ရွက်ပေးပြီး ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သထုံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် မေ ၃ ရက်မှ စတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်လျက်ရှိရာ သထုံမြို့နယ်အတွင်းရှိ တပ်မတော် တပ်ရင်းတပ်ဖွဲ့ ခြောက်ခုနှင့် ကျေးရွာအုပ်စု ၁၄ အုပ်စုတို့မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း ၂၀၀၀ နီးပါးတို့အတွက် ကွင်းဆင်းပြုလုပ်ပေးခဲ့ပြီး ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်း စသည့် ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)