သထုံ ၁၂ နိုဝင်ဘာ
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီးရှိ ဝီယော်ကျေးရွာအုပ်စုတွင် စိုက်ပျိုးထားသော ဖရဲခင်းများ အောင်မြင်နေကြောင်း သိရသည့်အပြင် ပိန္နဲတောကျေးရွာအုပ်စုတွင် ဖရဲသီးများ ရင့်မှည့်၍ ဒေသတွင်း ကျေးရွာများသို့ လှည့်လည်ရောင်းချနေရကြောင်း သိရသည် ။
ဖရဲစိုက်ခင်းများတွင် အသီးများ စတင်ရင့်မှည့်ချိန်ဖြစ်သောကြောင့် ဈေးကွက်အပေါ် မူတည်ပြီး အရွယ်အစားအလိုက် ဖရဲသီး ဝယ်ရောင်းသူများထံသို့ ရောင်းချနေရကြောင်း၊ဖရဲတစ်ဧက စိုက်ပျိုး စရိတ်က အလုပ်သမားခ၊ အားလုံးအပါအဝင် ကျပ်ဆယ်သိန်းခန့် ကုန်ကျပါကြောင်း ၊
ဝါခေါင်၊ တော်သလင်းလ များတွင် စတင်စိုက်ပျိုးပြီး နှစ်လခွဲအကြာ တန်ဆောင်မုန်းလတွင် အသီးများ ရင့်မှည့်မည်ဖြစ်ကြောင်း၊ အသီးထွက်ရှိမူအခြေအနေ ကောင်းပါကြောင်း ၊ဈေးကွက်ကောင်းဖို့သာ အဓိက ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖရဲစိုက်တောင်သူ နည်းပါးသွားပါကြောင်း ၊ ဖရဲ ၁၀ ဧက စိုက်ပျိုးထားသည့် တောင်သူတစ်ဦးဖြစ်သူ ကလိကျွန်းကျေးရွာမှ ဦးကျော်ဝင်း က ပြောသည် ။
ဖရဲစိုက်ပျိုးသူများသည် မြေအခြေအနေပေါ်မူတည်၍ စိုက်ပျိုးချိန်မှ ပြီးဆုံးသည့်အချိန်အထိ တစ်ဧက လျှင် မြေငှားခ ကျပ်လေးသောင်းမှ ကျပ်ငါးသောင်းအထိ ပေး၍ မြေငှားရမ်းကာ စိုက်ပျိုးနေရပါကြောင်း ၊ လူငှားခ က လုပ်အားပေါ်မူတည်၍ တစ်လလျှင် ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းခွဲအထိ ပေးရပါကြောင်း ၊ အလုပ်သမား ၆ ဦး ငှားရမ်းထားပါကြောင်း ၊ ဈေးကွက် အခြေအနေအရ ပြည်ပတွင် ဈေးကောင်းရရင် နယ်အဝယ်ဒိုင်များသို့တင်ပို့၍ ဈေးကွက်၊ လမ်းပမ်းဆက်သွယ်ရေးအခြေအနေ၊ စားရိတ် အဆင်မပြေ ပါက ပြည်တွင်းဈေးကွက်ကိုသာ အားထား ရောင်းချရပါကြောင်း ၎င်းက ဆက်လက် ပြောသည် ။
မွန်ပြည်နယ်အတွင်း လွန်ခဲ့သောနူစ်က ဖရဲစိုက်ပျိုးသူများသည် အသီးထွက်ချိန်နှင့် ကိုဗစ်-၁၉ရောဂါနှင့် တိုက်ဆိုင်ခဲ့သောကြောင့် ဆုံးရှုံးမူများ ရှိခဲ့ပြီး ယခုအခါ အသီးပေါ်ချိန် ဈေးကွက်ရရှိမူ မခန့်မှန်း နိုင်ကြောင်း၊ မသေချာမရေရာသည့်အခြေအနေတွင်ရှိကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည် ။
ခွန်(ဝင်းပ)


