သထုံမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး

သထုံ အောက်တိုဘာလ ၁၅ 

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ သထုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လေသာကုန်းကျေးရွာနှင့် ဗုဒ္ဓသစ္စာကျေးရွာတို့ရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိစေရန်ရည်ရွယ်၍ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ထိုသို့စစ်ဆေးရာတွင် မွန်ပြည်နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ဝေထွန်း၊ သထုံခရိုင် ဦးစီးမှူး ​ဒေါ်သီတာဝင်းစံနှင့် တာဝန်ရှိသူများက လေသာကုန်းကျေးရွာနှင့် ဗုဒ္ဓသစ္စာကျေးရွာတို့တွင် ကျေးလက်ရေရရှိရေးအတွက် အနက်ပေ ၂၀၀၊ အကျယ် ၄ လက်မရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ (၂၄၀၀)ဆံ့ စင်မြင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း၊ အလျား ၂၀ ပေ အနံ၂၀ပေ ရှိ ရေစက်ရုံ ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာနှစ်ရွာရှိ ရပ်မိရပ်ဖများ၊ ရေပေးရေးကော်မတီများ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ရေရရှိရေးလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု မူလခွင့်ပြုရန်ပုံငွေကျပ် (၂၆ ဒသမ ၄၈)သန်းဖြင့် တင်ဒါအောင်မြင်သည့် Home Grade ကုမ္ပဏီက သြဂုတ်လ ပထမအပတ်မှ စတင်ကာ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းများအားလုံး ရာနူန်းပြည့်ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများရှိ အိမ်ခြေ(၃၆၄)၊ လူဦးရေ(၁၇၀၀)ဦးအတွက် သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံ ထံမှ သိရသည်။

ချိုသန်းညွန့် (ကျေးလက်)