သထုံ      နိုဝင်ဘာ      ၉

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ မထိုးနှံရ သေးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတုတ္ထအသုတ်၊ ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို နိုဝင်ဘာလ ၉ ရက်၊ နံနက်ပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ် အထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမနှင့် သုဝဏ္ဏဝတီမြို့ အထက(ကျိုက္ကော်)ကျောင်း ရွှေရတုခန်းမတို့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ၊ စေတနာ့ဝန်ထမ်း(Volunteer) များနှင့် တာဝန်ရှိသူတို့က သတ်မှတ်အစီအစဉ်များအတိုင်း စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။

 

သထုံမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူပေါင်း ၂ သိန်းကျော်ခန့်ရှိပြီး လာမည့် ဒီဇင်ဘာလကုန်အထိ အဆိုပါလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် လူဦးရေပေါင်း ၁ သိန်းကျော်အား ထိုးနှံပြီးစီးနိုင်ရန် လျာထားဆောင်ရွက်နေကြောင်း လက်ရှိအချိန်အထိ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူပေါင်း ၆၆၀၀၀ ကျော်ခန့် ရှိပြီဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

 

ကိုကိုဦး(ပြန်/ဆက်)