သထုံ ၂၃ ဧပြီ
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မီတာခလာရောက်ပေးဆောင်သူများ လူစုလူဝေးမဖြစ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စနစ်တကျ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
မီတာခပေးဆောင်ရာတွင် လူစုလူဝေးမဖြစ်ပွားရေးအတွက် နားခိုရန်နေရာများ စနစ်တကျစီစဉ်ပေးထားပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လာရောက်ပေးဆောင်သူတိုင်း လက်ဆေးခြင်းနှင့် နှာခေါင်းစည်း များတပ်ဆင်ပြီးမှသာ လူတစ်ဦးလျှင် (၃) ပေကွာ ပေးဆောင်ရန် ဆောင်ရွက်ထားကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတင်ဆိုင်ဦးက ပြောသည်။
၎င်းအပြင် ဝင်ပေါက်ထွက်ပေါက်များကိုလည်း စနစ်တကျစီစဉ်ထားရှိပြီး မီတာခပေးဆောင်ရာနေရာ ဝန်းကျင်ကိုလည်း တစ်နေ့လျှင် သုံးကြိမ် နေ့စဉ်ပိုးသတ်ဆေးဖျန်းခြင်း ပြုလုပ်ထားကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ပြောသည်။
ယခင်က မတ်လ သုံးစွဲမှုအတွက် မီတာခပေးဆောင်ခြင်းကို ဧပြီ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ သတ်မှတ် ထားသော်လည်း လူစုလူဝေးမဖြစ်ပွားရေးအတွက် ဧပြီလ ၂၀ ရက်မှ မေလ ၂၀ ရက်နေ့အထိ ရွေ့ဆိုင်း ဖြေလျှော့ပေးထားပြီး နေ့စဉ်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
သက်ဦး(သထုံ)


