သထုံ စက်တင်ဘာ ၂၈

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်ကုသရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ဒူးရင်းဆိပ်ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိစေရေးအတွက် ယနေ့နံနက်က အဆိုပါကျေးရွာ၏ ရွာလယ်ဓမ္မာရုံ၌ နယ်လှည့်ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

နယ်လှည့်ကုသရာတွင် သထုံခရိုင်ကုသရေးဦးစီးဌာနမှ ဒုတိယခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးတို့ ဦးဆောင်သည့် အရိုး၊ သွား၊ သားဖွားမီးယပ်၊ ကလေး အထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်ကြီးနှင့် အထွေထွေရောဂါကု သမားတော်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့တို့က ဒူးရင်းဆိပ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများအား ကျန်းမာရေးစစ်ဆေးကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ လိုအပ်သည့် ဆေးကုသမှုများ လမ်းညွှန်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

 

အဆိုပါကွင်းဆင်းဆေးကုသရာတွင် ကျေးရွာနေပြည်သူ စုစုပေါင်း ၁၂၀ ဦးတို့အား စစ်ဆေးကုသပေးခဲ့ကြပြီး ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)