သထုံမြို့နယ်တွင် တိုင်းရင်းသားများ၏ ရိုးရာ ခြံနတ်ပူဇော်သည့် ဓလေ့ ယနေ့တိုင် ရှိနေဆဲ

သုဝဏ္ဏဝတီမြို့  ၂၄  ဒီဇင်ဘာ

 

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး ပတ်ဝန်းကျင် ကျေးရွာများမှ ကရင်/ ပအိုဝ်း တိုင်းရင်းသားများသည် မိမိတို့ စိုက်ပျိုးထား သော ရာသီပေါ်သီးနှံပင်များ စတင်၍ အဖူးအပွင့်များ ထွက်ပေါ်လာချိန်၌ အသီးများ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် အသီးအနှံများ အထွက်တိုးပြီး ပျက်စီးလေလွင့်မှု မရှိစေရန်အတွက် ခြံစိုက်တောင်သူများမှ အသီးအနှံများ ဖူးပွင့်ချိန်မတိုင်မီနှင့် အသီးအနှံများ စတင်သီးနေချိန်တွင် တောပိုင်၊ တောင်ပိုင်များအား ပူဇော်တင်မြှောက်ခြင်း (ဒေသအခေါ်) ခြံနတ်တင်ခြင်းကို ယနေ့တိုင် တစ်နှစ်တစ်ကြိမ် ပြုလုပ်လျက်ရှိရာ ယခု ဒီဇင်ဘာလအတွင်းတွင်လည်း ရိုးရာမပျက် ကျင်းပခဲ့သည်။

 

ရာသီပေါ်သီးနှံများဖြစ်သည့် ဒူးရင်းသီးခြံ၊ မင်းဂွတ်သီးခြံ၊ နာနတ်သီးခြံများတွင်သာမက ရော်ဘာခြံများတွင် လည်း သက်တမ်းရှည် အပင်ကြီးများ၊ အသီးများသည့်အပင်များကို နတ်စင်ပင်အဖြစ် သတ်မှတ်ပြီး မိမိစိုက်ပျိုးထားသော ခြံတစ်ခြံတွင် မိမိယုံကြည်သည့် ဓလေ့ဖြစ်သည့် အသက်လွတ်နတ်စင်ပင် နှင့် အသက်မလွတ်နတ်စင်ပင် ဟူ၍ နတ်စင်ပင်နှစ်ပင်ကို သီးခြားစီ သတ်မှတ်ထားကြသည်။ ခြံနတ်တင်ရာတွင် ခြံရှင်၏ ယုံကြည်မူအတိုင်း အသက်လွတ်နတ်စင်ပင်တွင် အသက်လွတ် ဟင်းလျာများ၊ ထမင်း၊ မုန့်ပဲသရေစာ၊  အချိုရည်၊  ဖယောင်းတိုင်၊  အမွှေးတိုင်တို့ဖြင့် ပူဇော်တင်မြှောက်ကြပြီး အသက်မလွတ်နတ်စင်ပင်တွင် ထမင်း   ကြက်သား၊  ကြက်ဥ၊  အချိုရည်၊ ဆေးလိပ်၊  အရက်  စသည်တို့ဖြင့် ပူဇော်တင်မြှောက်ကြသည်။ ကရင်တိုင်းရင်းသားနှင့် ပအိုဝ်းတိုင်းရင်းသားများ တင်မြောက်ပုံ ပုံသဏ္ဍာန် အနည်းငယ် ကွဲပြားသော်လည်း ရည်ရွယ်ချက် အနှစ်သာရမှာ အတူတူပင်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ နတ်တင်ပူဇော်တင်မြှောက်ပြီးချိန်တွင် ခြံရှင်တို့က ခြံနတ်တင်ရန်အတွက် ချက်ပြုတ်လာသော ထမင်း၊ ဟင်း၊ မုန့်ပဲသရေစာ၊ အချိုရည်၊ အရက်များဖြင့် ခြံနတ်တင်ရာ ခြံအတွင်းသို့ လာရောက်ကြသော ကလေး၊ လူကြီး၊ ဧည့်သည်အပေါင်းတို့အပြင် ခြံနတ်တင်နေသည်ကို တွေ့မြင်၍ ဝင်ရောက်လာသူများအား ဧည့်ခံ ကျွေးမွေးလေ့ ရှိသည်။ ယခုကဲ့သို့ တင်မြောက်ပူဇော်ခြင်းကြောင့် အသီးအနှံများ အထွက်တိုး၍ စီးပွားရေးကောင်းမွန်ပြီး မိမိတိုို့ တင်မြှောက်ပသသည့် နတ်အပေါင်းက ကာကွယ်စောင့်ရှောက်ပေးသည်ဟု တိုင်းရင်းသားများက လက်ခံ ယုံကြည်ကြရာ ယနေ့ထက်တိုင် အစဉ်အလာမပျက် ပူဇော်နေကြကြောင်း သိရသည် ။

 

သုဝဏ္ဏဝတီမြို့ အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သော  ဝင်းပ၊  ဝီယော်၊   နောင်ဘို၊  မိုးကောင်း၊    တံတားဦး၊    ဇရစ်ချောင် ကျေးရွာများတွင် ဒီဇင်ဘာလမှစ၍ သီးနှံများ ဖူးပွင့်ချိန်မတိုင်မီ မိမိတို့၏ ဥယျာဉ်ခြံများအတွင်း  ခြံနတ်တင်ခြင်းကို မိရိုးဖလာ ပူဇော်တင်မြှောက်ခဲ့ကြသည့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့တစ်ခုကိ်ု ယနေ့တိုင် မြင်တွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

 

ခွန်(ဝင်းပ)