သထုံ ၊ ၁၅ ဒီဇင်ဘာ
မွန်ပြည်နယ်၊ သထုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ယာယီပိတ်ထား သည့် မြို့မဈေးနှင့် သုဝဏ္ဏဈေးတို့ကို ဒီဇင်ဘာလ ၁၅ ရက်၊ နံနက်မှစတင်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာစေကာ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဈေးသာယာရေး ကော်မတီထံမှ သိရသည်။
"ဈေးပြန်ဖွင့်ဖို့ ဈေးသူဈေးသားတွေက တောင်းဆိုကြတယ်။ ကျွန်တော်တို့က လွှတ်တော် ကိုယ်စားလှယ် တွေဆီကနေတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ဆီ တင်ပြပေးတော့ အခုပြန် ဖွင့်ခွင့်ပြုလိုက်တာပေါ့။ လောလောဆယ်တော့ ဈေးထဲက ဆိုင်ခန်းတွေကိုပဲ ရောင်းခွင့်ပြုမှာပါ။ ယာယီ ပျံကျဈေးက ဈေးသည်တွေကတော့ လက်ရှိရောင်းနေတဲ့ နေရာမှာပဲ ပေးရောင်းဦးမယ်။ ကျွန်တော်တို့ ခုဒီဘက်မှာ စည်းကမ်းထိန်းဦးမယ် အခြေအနေကောင်းလာရင် သူတို့ကိုလည်း ဈေးမှာ ပြန်ပြီးရောင်းချခွင့် ပြုသွားမှာပါ" ဟု ဈေးသာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မြင့်က ပြောသည်။
ဈေးများပြန်လည်ဖွင့်လှစ်ရာတွင် ရောင်းသူဝယ်သူတိုင်း Mask တပ်ဆင်ရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာခြင်းရှိမရှိ စဉ်ဆက်မပြတ်စစ်ဆေးကာ ပညာပေး အရေးယူခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သထုံမြို့မ ဈေးအတွင်းရှိ ဈေးရောင်းသူအချို့ထံမှ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြု တွေ့ရှိခဲ့ရပြီးနောက် ဈေးအတွင်းမှ အသား၊ ငါး၊ ကုန်စိမ်းများ စသည့် အခြေခံ စားသောက်ကုန်များကို လေယာဉ်ကွင်းဟောင်းအတွင်း ယာယီပျံကျဈေးဖွင့်လှစ်ပေးကာ ရောင်းချစေပြီး မြို့မဈေးနှင့် သုဝဏ္ဏဈေးတို့ကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဦး(သထုံ)


