သထုံ ၈ ဇူလိုင်
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၈ ရက်၊ နံနက် ၉ နာရီက ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဌေးဝင်းက မွန်ပြည်နယ်အတွင်းရှိသည့် ငါးမွေး တောင်သူများနှင့် ငါးမွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများအတွက် အခြေခံငါးမွေးမြူရေး နည်းစနစ်များကို သိရှိပြီး ဒေသတွင်း ငါးရိက္ခာထုတ်လုပ်မှုတိုးတက်အောင် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးနေပြီး သိရှိခဲ့သည့်နည်းစနစ်များကို လက်ဆင့်ကမ်းဖြန့်ဝေပေးခြင်းဖြင့် အကျိုးပြုဆောင်ရွက်စေလိုကြောင်း အမှာစကားပြောကြားကာ သင်တန်းကိုဖွင့်လှစ်ပေးခဲ့သည်။
သင်တန်းတွင် နည်းပြများက ငါးအကြောင်းသိကောင်းစရာ၊ ငါးကန်တူးဖော်ခြင်းနှင့် ကန်ပြင်ဆင်ခြင်း၊ ကန်အရည်အသွေး ပြုပြင်ခြင်း၊ ငါးမှုန်၊ ငါးသန်၊ မျိုးငါးအစာကျွေးခြင်းနည်းစနစ်များနှင့် ပြုစုမွေးမြူခြင်း၊ သဘာဝငါးသယံဇာတများ အကြောင်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇူလိုင်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မော်လမြိုင်တက္ကသိုလ် သတ္တဗေဒဌာနမှ နည်းပြများ၊ ကျောင်းသားကျောင်းသူများ၊ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ငါးမွေးမြူရေးစိတ်ပါဝင်စားသူများ စုစုပေါင်း သင်တန်းသား/သူ ၂၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)


