သထုံ  ၁၄  သြဂုတ်  


ကရင်တိုင်းရင်းသားများနေထိုင်ရာ ကျေးရွာအသီးသီးတို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲကို သြဂုတ်လ ၁၄ ရက်၊ နံနက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်ရှိ ဝင်းပဇောတိကာရုံ ကျောင်းတိုက်၌ ဆရာတော်ကြီးများ ဦးဆောင်မှုဖြင့် အစဉ်အလာပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။


အခမ်းအနားတွင် တက်ရောက်လာသူတို့က ဇောတိကာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ သီရိန္ဒထံမှ သြဝါဒတရားနာယူကြပြီး အခမ်းအနားကို သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် မွန်ပြည်နယ်တိုင်းရင်းသားများရေးရာ ကော်မတီအဖွဲ့ဝင် ခွန်သက်မောင်မောင် တို့က အမှာစကားများ ပြောကြားခဲ့ကြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ကရင်တိုင်းရင်းသား နာယကဆရာတော်များနှင့် မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်တို့က ၂၀၁၈/၂၀၁၉ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင် ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူ ၂၄ ဦးတို့အား ဂုဏ်ပြုဆုများအား ပေးအပ်ချီးမြှင့်ကြကာ တိုင်းရင်းသား ရိုးရာယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခြင်း ကရင်တိုင်းရင်းသား ဘိုးဘွားများ၏အဆုံးအမများနာယူကာ ချည်ဖြူဖြင့် လက်ချည်ကြခြင်း၊ လှူဒါန်းကျွေးမွေးကြခြင်းတို့ကို ရိုးရာမပျက် ပြုလုပ်ခဲ့ကြသည်။


သထုံမြို့နယ်တွင် ကရင်တိုင်းရင်းသားအများစုမှာ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲများကို ဝါခေါင်လဆန်းပိုင်းအတွင်း ကျင်းပလေ့ရှိပြီးလာမည့် တော်သလင်းလအတွင်း ကျင်းပသည်လည်းရှိကြောင်း ကရင်တိုင်းရင်းသားအများစု နေထိုင်သည့် ကျေးရွာပေါင်း ၄၀ ခန့် ရှိသည့်အနက် ကျေးရွာ ၃၀ ကျော်ခန့်၌ ချည်ဖြူဖွဲ့မင်္ဂလာပွဲများ ကျင်းပ ကြောင်း မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

သက်ဦး(သထုံ)