သထုံ ၂၇ ဖေဖော်ဝါရီ
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးနှင့် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိတို့က အမှာစကားများ ပြောကြားကြပြီး မြိုနယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက သထုံမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၏ အခြေအနေများနှင့် ကဏ္ဍအလိုက် အားသာချက်၊ အားနည်းချက်များ ကို ရှင်းလင်းဆွေးနွေးရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူတို့က သိလိုသည်များနှင့် လိုအပ်ချက်များတို့ကို မေးမြန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ သထုံမြို့နယ်အတွင်းရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)


