သထုံ ၂၇ နိုဝင်ဘာ
မွန်ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ပြည်နယ်ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်က သထုံမြို့၊ ရွှေစာရံစေတီတော်ဝန်းအတွင်း စည်ကားစွာဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် စေတီတော်ရင်ပြင်တော်ရှိ သာသနာ့ဗိမာန်တော်၌ အခမ်း အနားကို ကျင်းပရာ တက်ရောက်လာသူတို့က ဆရာတော်များထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်နှင့် သြဝါဒစကားများ နာယူကြသည်။
ယင်းနောက် စေတီတော် ရင်ပြင်တော်ပေါ်၌ တိုင်းရင်းသားများစုပေါင်းကာ သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များကို လောင်းလှူကြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်နှင့် တာဝန်ရှိသူတို့က ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များနှင့် ပအိုဝ်း တိုင်းရင်းသားအဖွဲ့အစည်းများအား ပအိုဝ်းသမိုင်းဆိုင်ရာ စာအုပ်စာတမ်း၁၂ စုံကို ပေးအပ်လှူဒါန်းကာ ပအိုဝ်းသမိုင်းစာပေပညာရှင် ဦးခွန်ထွန်းရှိန်က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် မွန်ပြည်နယ် အတွင်းရှိ ပအိုဝ်းကျောင်းသားကျောင်းသူတို့အား ပြည်နယ် ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပြီး တက်ရောက်လာသည့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာယိမ်း အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ပအိုဝ်းနှစ်သစ်ကူးပွဲတော်သို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီးနှင့် တာဝန် ရှိသူများ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပအိုဝ်း တိုင်းရင်းသားအဖွဲ့များ၊ သထုံမြို့နယ်အတွင်းရှိ မွန်နှင့် ကရင် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)