သထုံ       မေ       ၃

 

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေ‌ဆောင် လေးဆူဓာတ်စံရွှေစာရံ စေတီတော်မြတ်ကြီး တွင် ယနေ့ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ညောင်ရေသွန်းပွဲတော်ကို စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ‌ဗောဓိညောင်ပင်၌ အစဉ်အလာမပျက် ကျင်းပပြုလုပ်ရာ ပြည်သူများ စည်ကားသိုက်မြိုက်စွာ ညောင်ရေသွန်းလောင်းခြင်း၊ ညောင်ထောက် ကုသိုလ်ယူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

 

ညောင်ရေသွန်းပွဲတော်တွင် နံနက်ပိုင်း၌ သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ခြင်း ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခြင်းတို့ကို စေတီတော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ဘာသာရေး အသင်းအဖွဲ့များ၊ ဝတ်ရွတ်အဖွဲ့များ၊ လူမှုကူညီ‌ရေးအဖွဲ့အစည်းများ၊ ရပ်ကွက်ကျေးရွာ အသီးသီးတို့မှ ပြည်သူများတို့က ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ညောင်ထောက်ခြင်း၊ စေတီတော်မြတ်ကြီး၌ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ခြင်းတို့ ဖြင့် ကုသိုလ်ပြု ဆင်နွှဲခဲ့ကြသည်။

 

အဆိုပါ ညောင်ရေသွန်းပွဲတော်တွင် ပြည်သူအများ စိတ်အေးချမ်းသာစွာ ညောင်ရေသွန်း နိုင်ရေးအတွက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏စီမံမှုဖြင့် အဖြူရောင် နှလုံးသားလူမှုကူညီရေး ပရဟိတအဖွဲ့ဝင်များက ရေနှင့် ညောင်ထောက်ဝါးများ အခမဲ့ လှူဒါန်းခြင်း၊ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ခြင်း စသည်တို့ကို ကုသိုလ်ပြု ဆောင်ရွက် ခဲ့ကြပြီး အလှူအရှင်များက စားသောက်ဖွယ်ရာမျိုးစုံတို့ကို စတုဒိသာများ ကျွေးမွေး လှူဒါန်းခဲ့ကြသည်။

 

သထုံမြို့နယ်တွင် ရွှေစာရံစေတီတော်မြတ်ကြီး အပါအဝင် ရပ်ကွက်/ကျေးရွာ အသီးသီးတို့ရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများရှိ  ဗောဓိညောင်ပင်တို့၌ ညောင်ရေ သွန်းလောင်းခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းတို့ကို ပြည်သူအပေါင်းတို့က ရိုးရာ အစဉ်အလာမပျက် ဆင်နွှဲခဲ့ကြပြီး ပြည်သူများအေးချမ်းစွာ ဆင်နွှဲနိုင်ရေးအတွက် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)