သထုံ မတ် ၂

 

မွန်ပြည်နယ် သထုံမြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် (၂၅)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေစာရံစေတီတော် ပုရိဝုဏ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

 

ဦးစွာ သထုံမြို့နယ်အတွင်းရှိ စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်တို့က စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ကြသည်။

 

ယင်းနောက် သုဝဏ္ဏဘူမိသာသနာ့ဗိမ္မာန်တော်၌ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပြီး သထုံမြို့ ညောင်လေးပင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာထံမှ သီလခံယူကြသည်။

 

ဆက်လက်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော မေတ္တသုတ်အစရှိသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ အလှူရှင်များက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့နှင့် အလှူရှင်များစု‌ပေါင်းကာ ကြွရောက်လာကြသည့် ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)