mdn

သထုံ   အောက်တိုဘာ   ၆

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပုရိဝုဏ်အတွင်း ဝင်ရောက်ဖူးမြော်ခွင့် ယာယီပိတ်ထားသည့် မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံ စေတီတော်မြတ်ကြီးအား အောက်တိုဘာ ၆ ရက် နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ရေး သတ်မှတ်ချက်များဖြင့် ပြန်လည်ဝင်ရောက်ဖူးမြော်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

"ဩဝါဒစရိယဆရာတော်ကြီးတွေရဲ့ မိန့်ကြားချက်အရ ပြန်ဖွင့်တာပါ။ အရင်ကလို အပေါက်အားလုံးတော့ မဖွင့်ဘူးပေါ့။ အသုံးပြုများတဲ့ မြောက်ဘက်မုခ်နဲ့ အနောက်ဘက်မုခ်တွေကို ဦးစားပေး ဖွင့်ထားမယ်။ အချိန်ကတော့ မနက် ၆ နာရီက ည ၇ နာရီအထိပါ" ဟု စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောပြသည်။

လေးဆူဓာတ်စံ ရွှေစာရံ စေတီတော်မြတ်ကြီးကို သထုံမြို့နယ်အတွင်း ရောဂါတွေ့ရှိ ကူးစက်သူ နည်းပါးလာသောကြောင့် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကာ လာရောက်ဖူးမြော်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဝင်ထွက်ခွင့်ပြုထားသည့် အပေါက်များ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူတိုင်း Mask တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းတို့ ပြုပြီးမှ ဝင်ရောက်ဖူးမြော်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)