သထုံ ၄ မေ
မွန်ပြည်နယ် သထုံမြို့နယ်တွင် ကြက်ခြေနီမောင်မယ်များက ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ပညာပေး တေးသီချင်းများဖြင့် သရုပ်ပြဖျော်ဖြေခြင်း ပညာပေးလှုပ်ရှားမှုများကို လူစည်ကားရာနေရာများ၌ မေလ ၃ ရက်နေ့မှစတင်ကာ နှစ်ပတ်ကြာ နေ့စဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု သတိပြုကာကွယ်နိုင်ရန် လှုံ့ဆော်ရေးအစီအစဉ်အဖြစ် သရုပ်ပြလိုက်လံဖျော်ဖြေခြင်းများကို ပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောသည်။
"အရင်ကတော့ ကြောက်ကြတယ်။ လက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ပေါ့ပေါ့ဆဆ ဖြစ်လာတာတွေကို တွေ့နေရတယ်။ ဒါကြောင့် တစ်ကြော့ပြန် ပညာပေးလှုပ်ရှားမှုကို အရှိန်မြှင့် လုပ်တာပါ" ဟု ဦးမိုးကျော်သူက ပြောသည်။
သထုံမြို့နယ်အတွင်းရှိ ဈေးများ၊ ခရိုင်ပြည်သူ့ဆေးရုံနှင့် ရပ်ကွက်ကျေးရွာတို့ရှိ လူအများအသုံးပြုရာ လမ်းများ သွားလာလှုပ်ရှားမှုရှိရာနေရာများတို့အပြင် သတ်မှတ်ထားသည့် Facility Quarantine Centre သုံးခု၌ နေရပ်ပြန်ပြည်သူများရောက်ရှိလာပါက သွားရောက်ပညာပေးဖျော်ဖြေမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေးကာလ၌ မြို့တွင်းနေရာအနှံ့ ပိုးသတ်ဆေးဖျန်းခြင်း၊ Mask များ လက်ကမ်းစာစောင်များအခမဲ့ဝေငှခြင်း၊ Quarantine Centre များ၌ စေတနာ့ဝန်ထမ်းအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပညာပေးဆွေးနွေးခြင်းတို့ကို ဒေသတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများတို့နှင့် အစဉ်တစိုက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ဦး(သထုံ)


