သထုံ ၂၄ မတ်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကြိုတင်ကာကွယ်နိုင်ရန်အတွက် မတ်လ ၂၃ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံမှတစ်ဆင့် နေရပ်သို့ပြန်လာကြသူများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေးခြင်းတို့ကို တာဝန်ရှိသူတို့က ပူးပေါင်းပြုလုပ်ခဲ့ကြသည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်မှ မွန်ပြည်နယ်သို့အဝင် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ရန်ကုန်-ဘားအံကားလမ်းပေါ်နှင့် ညပိုင်းတွင် သထုံမြို့၊ ရွှေစာရံစေတီရှေ့ရှိ အဝေးပြေးယာဉ် ခေတ္တရပ်နားရာ နေရာတို့၌ နေရပ်သို့ပြန်လာသူများ ပါဝင်သည့် မော်တော်ယာဉ်များကို ရပ်တန့်ကာ အပူချိန်တိုင်း ကိရိယာဖြင့် စစ်ဆေးခြင်း၊ COVID-19 နှင့်ပတ်သတ်သည့် အခြားရောဂါလက္ခဏာများ ရှိမရှိ စစ်ဆေးခြင်းနှင့် နေရပ်သို့ပြန်ရောက်ပါက တာဝန်ရှိသူများမှတစ်ဆင့် ကျန်းမာရေးဌာနသို့ သတင်းပေးပို့ စစ်ဆေးမှုခံယူခြင်းဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပူးပေါင်းပါဝင်ကြရေးအသိပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)


