သထုံ   ၂၄   မေ     

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကွပ်လပ်လေးတွေဖြည့် အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန် လေးမျိုးကို ဆင်းရဲနွမ်းပါး အိမ်ထောင်စုပေါင်း ၁၁၀၀၀ ကျော်ထံ အခမဲ့ လိုက်လံထောက်ပံ ပေးအပ်နိုင်ခဲ့‌ကြောင်း မေလ ၂၄ ရက်၊ နံနက်က ဘူးဘုရားစေတီ သန္တိသုခဓမ္မဗိမာန်တွင်ပြုလုပ်သည့်  အဆိုပါအစီအစဉ် ပြီးမြောက်မှု ရေစက်ချအခမ်းအနားမှ သိရသည်။

 

"ဒီအစီအစဉ်က ဆရာတော်တွေ ဦးဆောင်တာပါ။ စပြီးအခြေတည်တာက သင်္ကြန်မတိုင်ခင်ထဲက။ ဒီနေ့အထိဆို အိမ်ထောင်စုပေါင်း ၁၁၄၅၇ အိမ်ကို ပေးနိုင်ခဲ့တယ်။ ဒီထဲမှာ ဘုန်းကြီးကျောင်းနဲ့ သီလရှင်စာသင်တိုက်တွေဆီ လှူတာမပါသေးပါဘူး" ဟု သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောသည်။

 

ပထမအကြိမ် လှူဒါန်းမှုအောင်မြင် ပြီးမြောက်ခဲ့သော်လည်း အစီအစဉ်ဖြစ်မြောက်ရေးအဖွဲ့ကို ဆက်လက်ထားရှိကာ ထပ်မံထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်မာမာခိုင်က ဆက်ပြောသည်။

 

ဆရာတော်သံဃာတော်များ၏ ဦးဆောင်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖစေတနာရှင် အလှူရှင်များနှင့် စေတနာ့ဝန်ထမ်း ပရဟိတလူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလ၌ အခက်အခဲဖြစ်နေသူများအား ဖြည့်ဆည်းပေးနိုင်ရန် ကွပ်လပ်လေးတွေဖြည့် အစီအစဉ်ကို ဧပြီလ ၂၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကွပ်လပ်လေးတွေဖြည့် အစီစဉ်ဖြင့် ဆင်းရဲနွမ်းပါးအိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျင် ဆန် ၃ ပြည်၊ ဆီ တစ်လီတာ ၁ ဗူး၊ ကြက်သွန်နီ  ၁ ပိသာ၊ ဆား ၁ထုပ်အား အိမ်တိုင်ရာရောက် အခမဲ့လိုက်လံထောက်ပံ့ပေးခဲ့ပြီး အိမ်ထောင်စု ၁၁၀၀၀ ကျော် အတွက် စုစုပေါင်းကုန်ကျ‌ငွေ ကျပ် သိန်း ၅၀၀ ကျော် ရှိခဲ့ကြောင်း လှူဒါန်းမှုဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။

သက်ဦး(သထုံ)