သထုံတွင် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

သထုံ    မေ     ၁၆

 

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၂ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၆ ရက်၊ နံနက်က သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ချေးငွေထုတ်ပေးရာတွင် ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်အေးအေးသိန်းက ယခုနှစ် မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည် ပေးသွင်းရမည့်ကာလနှင့် အပြေအကြေပြန်လည်ပေးဆပ်ကြရေး ဆွေးနွေးပြောကြားခဲ့သည်။

 

မိုးစပါးချေးငွေကို တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး ၁၀ ဧက အထိ ထုတ်ချေးပေးခြင်းဖြစ်ပြီး ယခင်နှစ်များက ပုံမှန် ၈ ရာခိုင်နှုန်းအတိုးမှ လက်ရှိအချိန်တွင် ၅ ရာခိုင်နှုန်းသို့ လျော့ချကာ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

 

စိုက်ပျိုးစရိတ်ချေးငွေ ယူမည့်တောင်သူများအနေဖြင့် ပုံစံ ၇ အမည်ပေါက် ရှိရမည်ဖြစ်ပြီး ကျေးရွာအလိုက် ဖွဲ့စည်းပေးထားသည့် မိုးစပါးချေးငွေကော်မတီအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ ပါရှိမှသာ ချေးယူခွင့်ရရှိမည်ဖြစ်သည်။

 

အဆိုပါနေ့တွင် သထုံမြို့နယ်အတွင်း ယခင်နှစ်များက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို အစောဆုံး အကြေပြန်လည် ပေးဆပ်ခဲ့သည့် ကျောက်တန်းနှင့် တောင်စွန်းကျေးရွာမှ တောင်သူ ၃၇ ဦးတို့၏ စိုက်ဧက ၃၁၁ ဧကအတွက် ချေးငွေကျပ် ၄၆၆၅၀၀၀၀ ကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့သည်။

 

သထုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များက ချေးငွေများ အပြေအကြေပြန်လည်ဆပ်ပြီးသည့် မိုးစပါးစိုက်တောင်သူစုစုပေါင်း ၄၅၃၀ ဦးတို့၏ စိုက်ဧကပေါင်း ၄၃၃၃၂ အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၆၄၉၉.၈ သန်းခန့်အား မေလ ၁၆ ရက်နေ့မှ စတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားရန် လျာထားကြောင်း သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ကိုကိုဦး(ပြန်/ဆက်)