တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ ဓာတ်ပုံ-ကိုကြီးတင်
ဇန်နဝါရီ ၄ ရက်သည်ကား မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့ဖြစ်သည် “နှစ်အားဖြင့် (၇၂) နှစ်ပင် တိုင်ခဲ့ချေပြီ....။ သူ့ကျွန်ဘဝမှ လွတ်မြောက်ရန်အတွက် သူရဲကောင်းမြောက်မြားစွာ၊ အာဇာနည်ပေါင်း မြောက်မြားစွာတို့ ကြိုးပမ်းခဲ့ကြသည်။ နောက်ဆုံးဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ခေတ်ကျမှ ကိုလိုနီလက်အောက် သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ကြရသည်။ သို့တိုင်ကြိုးပမ်းခဲ့ကြသော အာဇာနည်များအား လွတ်လပ်ရေးကို မျက်ဝါးထင်ထင် မမြင်သွားရရှာပေ။ ခြောက်လနီးပါးစောစွာ အသက်စွန့်သွားခဲ့ရသောကြောင့်ဖြစ်သည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် လွတ်လပ်ရေးနေ့တွင်မှ ယူနီယံဂျက်အလံအား ဖြုတ်ချကာ ကြယ်ဖြူကြီးတစ်လုံးနှင့် ကြယ်ငါးပွင့်ခြံရံသည့် ပထမဦးဆုံးသော နိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်ထူခွင့်ရခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က နိုင်ငံ့ခေါင်းဆောင်များက လွတ်လပ်ရေးနှင့်အတူ လွတ်လပ်ရေး အထိမ်းအမှတ်တစ်ခုခု စိုက်ထူရန် ကမ္ပည်းမော်ကွန်းတင်ရန်အတွက် ဆွေးနွေးကြပြီး လွတ်လပ် ရေးကျောက်တိုင်စိုက်ထူရန် ဆုံးဖြတ်ခဲ့ကြသည်။
နေရာရွေးချယ်ခြင်း
လွတ်လပ်ရေးကျောက်တိုင်အား မည်သည့်နေရာတွင် စိုက်ထူမည်နည်းဟူသော ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ၌ မြို့လယ်ချက်ဗွေ ဆူးလေစေတီတော်ကြီး၏ အနီးတွင်ရှိသော မဟာဗန္ဓုလ ပန်းခြံဝင်းအတွင်း၌ စိုက်ထူရန် ရွေးချယ်ဆုံးဖြတ်ခဲ့ကြသည်။ အကြောင်းမူကား မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဝင် အချက်များကြောင့်ဖြစ်သည်။
မဟာဗန္ဓုလပန်းခြံသည်ကား မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတစ်လျှောက် ပြည်သူအများစုဝေးရာ၊ လွတ်လပ်ရေးတောင်းဆိုခဲ့ရာ နေရာဖြစ်ခြင်း၊ ၁၉၄၇ ခုနှစ် ဇွန်လ ၉ ရက်နေ့၌ ကျင်းပသည့် ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်သို့သွားရန် အမတ်များ စုစည်းချီတက်ရန် စုရပ်လည်းဖြစ်ခြင်း။ တိုင်းပြုပြည်ပြု လွှတ်တော်အခြေအနေနှင့် လွတ်လပ်ရေးရလာလျှင် နိုင်ငံသားများရရှိ လာမည့်အခွင့်အရေးနှင့် တာဝန်များကို ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၌ မြို့တော်ခန်းမဆင်ဝင်ထက်မှ မဟာဗန္ဓုလပန်းခြံဝင်းအတွင်းရှိ ပြည်သူလူထုအား မိန့်ခွန်းပြောကြားခဲ့သော သမိုင်းဝင် နေရာဖြစ်ခြင်းတို့ကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အုတ်မြစ်ချ
လွတ်လပ်ရေးကျောက်တိုင် စတင်အုတ် မြစ်ချမည့်နေ့ကို လွတ်လပ်ရေးကြေညာသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကိုပင် သတ်မှတ်ခဲ့ကြသည်။ ရွှေအုတ်စီပေးသူမှာ လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည့် ဦးနု(သခင်နု)ဖြစ်သည်။ ပထမဦးဆုံးသော လွတ်လပ်ရေးနေ့မိန့်ခွန်းကို ပြောကြားပေးခဲ့သူမှာလည်း ဝန်ကြီးချုပ်ဦးနု (သခင်နု) ပင်ဖြစ်သည်။ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှ ကောက်နုတ်ချက်ကို ဖော်ပြရ သော်...။ “ယခုလို တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအသီးသီး၊ လူတန်းစားအသီးသီး၊ အသင်းအဖွဲ့ အသီးသီးတို့ အပြင်းအထန် ကြိုးပမ်းမှုကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်သဖြင့် ဤလွတ်လပ်ရေးကို တိုင်းရင်းသားအားလုံး၊ လူတန်းစားအားလုံး၊ အသင်းအဖွဲ့အားလုံးဟာ ရိုသေကြရမယ်။ မြတ်နိုးကြရမယ်။ လေးစားကြရမယ်။ ဒီလွတ်လပ်ရေးကို တိုက်ရိုက်အားဖြင့်သော်လည်းကောင်း သွယ်ဝိုက်တဲ့နည်းအားဖြင့်သော်လည်းကောင်း၊ ထိပါးငြိစွန်း လာမယ်ဆိုလျှင် တိုင်းရင်းသားအားလုံးသည် လည်းကောင်း၊ လူတန်းစားအားလုံးသည် လည်းကောင်း၊ အသင်းအဖွဲ့ အားလုံးလည်းကောင်း ရင်ကိုမြေကတုတ်လုပ်၍ ခုခံကာကွယ်စောင့်ရှောက်ကြရမယ်၊ ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ လူတစ်မျိုးတည်းအတွက် အသုံးချရန်မဟုတ်၊ ဗမာပြည်ထောင်စုသမ္မတ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအသီးသီးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ဒီလွတ်လပ်မှုဟာ လူတန်းစား တစ်စားတည်းအတွက် အသုံးချရန် မဟုတ်။ လူ့အခွင့်အရေးများကို ဘယ်အခါမှ တင်းပြည့်ကျပ်ပြည့်မရခဲ့ဖူးကြတဲ့ လူတန်းစားအားလုံးအတွက် မျှမျှတတအသုံးချရန် ဖြစ်တယ်။ ဒီလွတ်လပ်ရေးဟာ တစ်သင်းတစ်ဖွဲ့တည်းအတွက် အသုံးချရန်မဟုတ်။ ပြည်ထောင်စု အခြေခံအုပ်ချုပ်ရေးစည်းမျဉ်းကြီးကို လိုက်နာရိုသေသော အသင်းအဖွဲ့ အားလုံးအတွက် မျှမျှတတ အသုံးချရန် ဖြစ်တယ်” ဟု ပြောကြားမှုရှိခဲ့ပါသည်။
ထို့နောက် ဖဆပလဌာနချုပ် အထွေထွေ အတွင်းရေးမှူး ဦးဗဆွေက လွတ်လပ်ရေးသစ္စာ အဓိဋ္ဌာန် (၉) ချက်ကို တိုင်ပေး၍ တက်ရောက် လာသော လူထုကြီးက နောက်မှလိုက်ဆိုသည်မှာ ကြက်သီးမွေးညင်းများပင် ထသည်အထိ ခံစားလိုက်ရပြီး ဗမာ (မြန်မာ) နိုင်ငံပြည်သူ့ သူနာပြုအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်စဉ်မှာပင် လူကြီးများက တစ်နိုင်ငံလုံးအတွက် အသက်ပေး၍ လွတ်လပ်ရေးအတွက် ဆောင်ရွက်သွားပြီး ယခုကဲ့သို့ အခမ်းအနားမျိုးကို မမြင်သွားရရှာသူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များကို သတိတရမျက်ရည်များပင် ကျခဲ့ရသည်ဟု ထိုစဉ်က အခမ်းအနားတွင် ရွှေသံလက်၊ ရွှေခွက်တို့ကို ကိုင်ဆောင်ခဲ့ရသည့် ကြည့်မြင်တိုင်မှ ဂဠုန်သင်္ကန်းတိုက်ပိုင်ရှင် ဦးသိန်း၊ ဒေါ်ပုတို့၏ သားနှင့်သမီး ထိုစဉ်က မောင်ငွေထွန်းနှင့် မလှမြင့်တို့၏ အတိတ်က ဇာတ်ကြောင်း ပြန်ပြောင်းပြောပြမှုတစ်ခုကို စိတ်တွင် စွဲစွဲထင်ထင် ကျန်ရှိထားခဲ့သည်။
သစ္စာအဓိဋ္ဌာန်(၉)ချက်
၁။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်းချီတက်မည်။
၂။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့၏ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည်စောင့်ထိန်းမည်။
၃။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံတော်သားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သော နိုင်ငံတော်သားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ထမ်းဆောင်မည်။
၄။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံလဥဿာဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသား ညီညွတ်ရေးကို ကျောက်စိုင် ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင်ထိန်းသိမ်းမည်။ ၅။
၅။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ နိုင်ငံတော်သားဟူသရွေ့ကို ကြီးငယ် နီးဝေး မခြား၊ တသွေးတသားတည်း ပြု၍ နည်းများနိမ့်မြင့် မရှိစေရ၊ ညီတူညီမျှပြုမည်။
၆။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ သူတပါးကိုလည်း မတရားမပြု၊ ငါတို့အား မတရားပြုသည်ကိုလည်း မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။
၇။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့ နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။
၈။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။
၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည်တည်မြဲရေး တာဝန်သည် ငါတို့နှင့်တကွ ငါတို့သား မြေး နောင်လာ အဆက်ဆက်တို့အပေါ်၌ တည်စေမည်။
ဤငါတို့သစ္စာအဓိဋ္ဌာန်မှန်သည့်အတိုင်း ငါတို့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည် တည်စေသတည်း။(မူရင်းအတိုင်းဖော်ပြပါသည်။)
လွတ်လပ်ရေးကျောက်တိုင်ကြီး အောက်ခြေ ကျောက်သားဖြူးတွင်လည်း ထိုသစ္စာ အဓိဋ္ဌာန် (၉) ချက်အား ရေးထိုးထားသည်ကို တွေ့မြင်ဖတ်ရှုနိုင်ကြမည်ဖြစ်သည်။
ကျောက်တိုင်ကြီးကို ကျောက်သားပကတိဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး တည်ဆောက်သည့် အင်ဂျင်နီယာမှာ အေစီကုမ္ပဏီမှ မစ္စတာမာတင်ဆိုသူဖြစ်သည်။ ကျောက်တိုင် တည်ဆောက်ရန် ပစ္စည်းများကို အေစီကုမ္ပဏီတစ်ခုတည်းကိုသာလျှင် ကန်ထရိုက်ပေးထားသောကြောင့် အေစီမာတင်ထံ အပ်နှံရခြင်း ဖြစ်သည်ဟု သိရသည်။
ကျောက်တိုင်အမြင့်မှာ ပေ ၁၅၀ ရှိပြီးပန်းခြံရှေ့ရှိ မြို့တော်ခန်းမနှင့် ပန်းခြံ၏ လက်ယာဘက်ရှိ ဟိုက်ကုတ် တရားရုံးကြီး ထက်ပို၍ မြင့်သည်ဟုဆိုသည်။ ကျောက်တိုင်ကြီးမှာ အောက်ခြေမှငါးဖြာသော ကျောက်တိုင်ငယ်များဖြင့် ဝန်းရံတည်ဆောက် ထားမှုကြောင့် ဝေဟင်အထက် လေယာဉ်ပေါ်မှ ငုံ့ကြည့်လျှင် ကြယ်ဖြူ ကြီးတစ်လုံးကို အဖြူရောင် ကြယ် ငါးလုံးက ဝန်းရံနေသည့်နှယ် မြင်တွေ့နိုင်သည်ဟု သိရသည်။ မြန်မာပြည်ကြီးအား တိုင်းရင်းသားများကဝန်းရံထားသည့် အဓိပ္ပာယ်ဟု ဖော်ညွှန်းကြသည်။ ကျောက်တိုင်ကြီးအား ကြေးခြင်္သေ့ကြီး ဆယ်ကောင်က ဝိုင်းရံစောင့်ရှောက် ထားသည်။ မြန်မာ့လွတ်လပ်ရေးကို ကိုယ်စားပြု ကျောက်တိုင်ကြီးမှာ မားမားမတ်မတ် မိုးထိတိုင်လွင့်လျက် “ကမ္ဘာတည်သရွေ့ မြန်မာ ပြည်ဟေ့”ဟု ကြွေးကြော်နေသည့်နှယ် ဂုဏ်ယူဖွယ်အဖြစ် ရန်ကုန်မြို့အလယ် မဟာဗန္ဓုလပန်းခြံအတွင်း ဝံ့ဝံ့ကြွားကြွား တည်ရှိနေသည်မှာ နိုင်ငံသားတိုင်း၊ ထို့ထက် ရန်ကုန်သားတိုင်း ဂုဏ်ယူစရာ သမိုင်းမှတ်တိုင် တစ်ခုပင် ဖြစ်ပေသည်။
သတိမူ၍မြူကို မြင်စေချင်
ရန်ကုန်မြို့ရှိ ပန်းခြံအချို့မှာ တစ်ချိန်က ပန်းတို့ညှိုး၍ ရေများခန်း ခြောက်ခဲ့ဖူးသည်။ မြက်တောများ ရှည်၍ မြို့နေလူထုအတွက် အပန်းဖြေ အနားယူရန်မဟုတ်ဘဲ ချစ်သူစုံတွဲတို့ ခိုနားရာများသာ ဖြစ်ခဲ့သည်။ ပန်းခြံ ပတ်ပတ်လည်၌ စီးပွားရေးလုပ်ငန်းရှင်များက နေရာယူထားခဲ့ကြသည်။ အဝေးကကြည့်သော် ပန်းခြံဟု ဆိုနိုင်ဖွယ်မရှိပေ။ ထို့အပြင် အခကြေးငွေ သတ်မှတ်ကောက်ခံမှုကြောင့် ပန်းခြံအတွင်းဝင်သူမရှိ သလောက်အောင်ပင် ခြောက်ကပ်မှုများဖြင့် တည်ရှိနေခဲ့သည်။ လုံခြုံမှု မရှိခဲ့ပေ...။
လွန်ခဲ့သော (၇)နှစ်ခန့်မှ အစပြု၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ပန်းဥယျာဉ်ဌာန) က (ပန်းခြံများကို အဆင့်မြှင့် ပြုပြင်ခြင်း၊ စိမ်းလန်းစိုပြည်သော အပင်များ ရေကန်၊ ရေပန်းအားကစားပစ္စည်းများ ထည့်ပေးခြင်းအပြင် ဝင်ကြေး အခမဲ့ဖြစ်လာသည့်အတွက် ပန်းခြံများအားလုံး စည်ကားလာခဲ့သည်။ ပန်းခြံများသည် လုံခြုံစိတ်ချရသော အများပြည်သူတို့ အနားယူအပန်း ဖြေရာနေရာများဖြစ်လာခဲ့သည်။
ရုံးပိတ်ရက်နှင့်အခါကြီးရက်ကြီးများတွင် ပန်းခြံအတွင်းပွဲတော်များ ကျင်းပခွင့်ပြုခဲ့သည်။ ဖြေဖျော်ရေး စင်မြင့်များ တည်ဆောက်၍ ပွဲလမ်းသဘင်များ ကျင်းပခွင့်ပြုခဲ့သည်။ ပြည်သူအများအား စိတ်လက် အပန်းပြေစေခဲ့သည်။ ။
အထူးသဖြင့် မြို့တော်ရန်ကုန်၏ အချက်အချာရုံးများ၊ ကုမ္ပဏီများ စုဝေးရာ လူနေထူထပ်ရာ မဟာဗန္ဓုလပန်းခြံသည်ကား နံနက်မိုးသောက်စဖွင့်ချိန်မှသည် ညနေတံခါးပိတ်ချိန်အထိ တစ်လျှောက်လုံး စည်ကားခဲ့သည်။
ကလေးလူကြီးလူလတ် အရွယ်စုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ လွတ်လပ်ရေးကျောက်တိုင်ကြီးကို လှည့်ပတ် သွားလာနေကြသည်။
ကျောက်တိုင်အခြေ၌ အေးအေးလူလူထိုင်၍ အပန်းဖြေအနားယူနေကြသည်။
သို့သော် ကျောက်တိုင်ကြီးတွင် ရေးထိုးထားသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဦးနု (သခင်နု) ၏ လွတ်လပ်ရေးမော်ကွန်း ကျောက်တိုင်အုတ်မြစ်ချ မိန့်ခွန်း၊ လွတ်လပ်ရေးမိန့်ခွန်းနှင့် သစ္စာအဓိဋ္ဌာန် (၉) ချက် သမိုင်း မှတ်တမ်းများကိုကား မည်သူတစ်ဦးတစ်ယောက်ကမျှ ယောင်၍ပင် တစ်ကြောင်းစ နှစ်ကြောင်းစအာရုံပြု ဖတ်သူဟူ၍ မမြင်မိခဲ့ပေ...
သူ့ကျွန်ဘဝ၌ နှစ်ပေါင်း ၁၀၀ ကျော်တိုင်ရောက်ခဲ့စဉ်က မြန်မာလူမျိုးတို့အစစအရာရာ နိမ့်ကျခဲ့မှုများ၊ အဖိနှိပ်ခံခဲ့ရမှုများ၊ စော်ကားခံခဲ့ရမှုများလို ယနေ့ခေတ်လူငယ်များ မခံစားခဲ့ရပေ။ လွတ်လပ်ရေး၏ အရိပ်အာဝါသအောက်၌ မတောင့်မတ၊ မကြောင့်မကြ မပူမပင်အေးအေး လူလူနေရသောသူများ ဖြစ်ပေသည်။
နိုင်ငံ့အရေးအတွက်အသက်ပေါင်း များစွာစတေး၍ ရယူပေးခဲ့သည့် အာဇာနည်များကို မမေ့မလျော့သော အားဖြင့် အခါအခွင့်သင့်၍မဟာဗန္ဓုလ ပန်းခြံအတွင်းရောက်စဉ်၌ လွတ်လပ်ရေးအား ကာကွယ်စောင့်ရှောက်နိုင်ကြစေရန် ကျောက်တိုင်၌ သမိုင်းမှတ်တမ်းထင်ထားသည်တို့ကို ဖတ်ရှုသတိမူ၍ မြူကိုပင် မြင်တတ်ကြစေ ရန် ထုတ်ဖော်ရေးသား လိုက်ရပါသည်။ ။
မြန်မာ့အလင်း