၂၆ သြဂုတ်


ဟောင်ကောင်က ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက အလွန်အမင်း အကြမ်းဖက်လာတဲ့အတွက် သတိပေးပစ်ခတ်ပြီး မီးသတ်ပိုက်သုံး လူစုခွဲအောင် လုပ်ဆောင်ကြကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီကနေ့ ပြောကြားပါတယ်။ 


ဟောင်ကောင်မြို့လယ်ကနေ ခြောက်မိုင်အကွာမှာရှိတဲ့ တပ်ဆူဝမ်မှာ ဆန္ဒပြသူတွေမှာ အုတ်ခဲနဲ့ တခြား လက်နက်တွေ ကိုင်ဆောင်ထားခြင်းကြောင့် ရဲတပ်ဖွဲ့က စိုးရိမ်မှုကြီးထွားလာပါတယ်။ အဲဒီအချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မြေပြင်ပေါ်ကို လဲကျရာ အဲဒီရဲတပ်ဖွဲ့ရဲ့ အသက်ကို ခြိမ်းခြောက်မှုရှိတဲ့အတွက် တခြားရဲတပ်ဖွဲ့ ခြောက်ဦးတို့က ဆွဲခေါ်သွားရင်း သတိပေးပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ 


တနင်္ဂနွေညပိုင်းက ဆန္ဒပြပွဲမှာ ရဲသား ၁၅ ဦး ဒဏ်ရရှိခဲ့ပြီး ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါဝင် ဆယ်ချီတဲ့ ဆန္ဒပြသူတွေကို ဥပဒေမဲ့စုရုံးခြင်း၊ လက်နက်များကိုင်ဆောင်ခြင်း စွဲချက်တို့ဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ မီးသတ်ကား နှစ်စင်း အသုံးပြုပြီး ဖြိုခွဲခဲ့ကြောင်း  ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 


ဆန္ဒပြပွဲမှာပါဝင်သူ လူငယ်အများစုမှာ လူနေမှုစရိတ်ကြီးမားလာပြီး အလုပ်အကိုင်ရှားပါးမှုကြောင့် လူပေါင်း ၇ သန်းနီးပါး နေထိုင်တဲ့ ဟောင်ကောင်ရဲ့ အနာဂတ်ကို ဘေဂျင်းက တစ်စတစ်စဖဲ့ယူသလိုမျိုး ဖြစ်တယ်လို့ ယူဆကြပါတယ်။ 


အခုဆိုရင် ဆန္ဒပြနေတာ သီတင်းပတ် ၁၂ ပတ်ရှိပြီဖြစ်ပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်းက ဆန္ဒပြသူတွေနဲ့ ဆွေးနွေးပွဲလမ်းကြောင်းဖွင့်ပြီး ဆွေးနွေးမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ကတိပေးခဲ့ပါတယ်။ 


MDN


ကိုးကား- AFP