စိုးသူရ  

 

ယနေ့ကမ္ဘာပေါ်တွင် ကူးစက်ရောဂါတစ်မျိုးဖြစ်သည့် မျောက်ကျောက်ရောဂါ ကူးစက်မှုများကို တွေ့ရှိနေရသည်။ ကမ္ဘာတစ်ဝန်းလက်ရှိအချိန်၌ ရောဂါကူးစက်ခံရသည်ဟု သံသယလူနာ ၁၃၀၀၀ နှင့် ရောဂါကြောင့် သေဆုံးသူ ၆၀၀ ကျော်ရှိခဲ့ပြီဖြစ်သဖြင့် လက်ရှိအခြေအနေမှာ စိုးရိမ်နေရဆဲ အခြေအနေတွင်ရှိသည်။

 

မျောက်ကျောက်ရောဂါသည် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့်တိရစ္ဆာန်များမှ လူသားများထံသို့ ကူးစက်နိုင်သည့် ရောဂါဖြစ်သည်။ ၎င်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ သက်ရှိတစ်ဦးဦး၏ ကိုယ်ခန္ဓာမှထွက်ရှိသည့်အရည်များနှင့် အသက်ရှူရှိုက်ရာမှ လေထုထဲတွင်ပါလာသည့် အမှုန်အမွှားများမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။ အာဖရိကဒေသမှ စတင်ကူးစက်လာသည့် ၎င်းရောဂါသည် အာဖရိကဒေသမှ အခြားကမ္ဘာ့နိုင်ငံများသို့ပါ ကူးစက်ပျံ့နှံ့လာသဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်မှ ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်အထိ ကာလအား အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကာလအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ရသည်။

 

အာဖရိကဒေသ အလယ်ပိုင်းနှင့်အနောက်ပိုင်းရှိ အပူပိုင်းမိုးသစ်တောများမှ စတင်ပြန့်ပွားခဲ့သည့် မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးအား ၁၉၅၈ ခုနှစ်တွင်  အတည်ပြုတွေ့ရှိခဲ့ပြီး  ကွန်ဂိုနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်၌ ကူးစက်မှုကိုတွေ့ရှိခဲ့သည်။ ရောဂါကူးစက်ခံရသူများသည် ရောဂါကူးစက်ပြီး သီတင်းပတ် အနည်းငယ်အကြာတွင် ကျန်းမာရေးပြန်လည် ကောင်းလာသော်လည်း မျောက်ကျောက် ရောဂါကူးစက်ခံရသည့် မွေးကင်းစကလေးငယ်များနှင့် ကလေးများအသက်သေဆုံးရသည့် ဖြစ်စဉ်များ လည်းရှိခဲ့သည်။ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူများတွင် အရေပြားပြဿနာများ၊ အဆုတ် အအေးမိခြင်းနှင့် စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ မျက်စိအမြင်အာရုံဆိုင်ရာရောဂါများ  ဖြစ်ပွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

 

လက်ရှိအချိန်တွင် ယခင်က မျောက်ကျောက်ရောဂါ ကူးစက်မှုမတွေ့ရှိခဲ့ရသည့် ကမ္ဘာ့နိုင်ငံများတွင် ရောဂါကူးစက်မှုများ တွေ့ရှိလာနေရသဖြင့် စိုးရိမ်ပူပန်ကြောင်း ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူများက ပြောကြားသည်။ ရောဂါကူးစက်မှုများသည် ယမန်နှစ် ဇွန်လနှောင်းပိုင်းမှ ဇူလိုင်အစောပိုင်း ကာလအတွင်း ၇၇ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး  ရောဂါကူးစက်ခံရသူများမှာ လိင်တူဆက်ဆံသည့် အမျိုးသားများဖြစ်ကြောင်းသိရသည်။ မျက်မှောက်ခေတ်ကာလတွင် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများ၊  ရာသီဥတုပြောင်းလဲမှု ဆိုင်ရာဖြစ်စဉ်များ၊ စားရေရိက္ခာမလုံလောက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများ အများအပြားဖြစ်ပွားနေချိန် တွင် မျောက်ကျောက်ရောဂါ ကူးစက်မှုကလည်း အန္တရာယ်ပေးနိုင်သည့် ကူးစက်ရောဂါအဖြစ် ကမ္ဘာ့ဒေသများတွင်ပျံ့နှံ့နေပြီး ၎င်းရောဂါကူးစက်မှုသည် ၂၁ ရာစု လူသားမျိုးနွယ်အတွက် စိန်ခေါ်မှုတစ်ရပ် လည်းဖြစ်လာနေသည်။ ကမ္ဘာ့လူသားများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားသကဲ့သို့ မျောက်ကျောက်ရောဂါဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင်လည်း စည်းလုံးညီညွတ်ရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင်လည်း မျောက်ကျောက် ရောဂါဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများကို လိုက်နာခြင်းဖြင့် ၎င်းရောဂါပိုးဆိုင်ရာ မလိုလားအပ်သည့် အကျိုးဆက်များကို လျှော့ချနိုင်မည်ဖြစ်သည်။

 

ယနေ့ကမ္ဘာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် များပြားသည့်အခက်အခဲများနှင့် စိန်ခေါ်မှုများကို နိုင်ငံများ၏ စုပေါင်းကြိုးပမ်းမှုဖြင့်သာ နောက်ဆုံးတွင် အနိုင်ယူနိုင်မည်ဖြစ်ရာ မျောက်ကျောက်ရောဂါ ကူးစက်မှု ကာကွယ်ရေးတွင်လည်း မြန်မာနိုင်ငံသားများက ဆောင်ရန်နှင့်ရှောင်ရန်အချက်များကို တိကျစွာ လိုက်နာရန်လိုအပ်ကြောင်း အကြံပြုရေးသား အပ်ပါသည်။ ။

 

 

ကိုးကား -     

The Global New Light of Myanmar opinion Beware of monkeypox infection among the people