ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၅ နာရီ IQ Air ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့ဟာ ကမ္ဘာ့အဆင့်-၄ နေရာကို ရောက်ရှိလို့‌နေပါတယ်။ IQ Air ဖော်ပြချက်အရ ရန်ကုန်မြို့ရဲ့ AQI (လေထု အရည်အသွေးအညွှန်းကိန်း)ဟာ ၁၅၆ မှာရှိနေတယ်လို့ သိရတယ်။

 

လေထုညစ်ညမ်းမှုဟာ ကျွန်တော်တို့အားလုံးအတွက် အန္တရာယ်ဖြစ်ပါတယ်။ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ ပြည်သူတွေအနေနဲ့ လေထုညစ်ညမ်းမှုကနေ ဖြစ်နိုင်တဲ့ဆိုးကျိုးတွေကို သိရှိထားဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အမြင့်ဆုံးမြို့တွေစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အခုလည်း လေထုညစ်ညမ်းမှုဟာ အန္တရာယ်ဖြစ်တဲ့အဆင့်ကို ရောက်နေလို့ ကျွန်တော်တို့အားလုံး လေထု ညစ်ညမ်းမှုအန္တရာယ်ကို  ဂရုတစိုက် အလေးထားပြီး သတိပြုကာကွယ် နေထိုင်သွားလာကြဖို့လိုပါတယ်။

 

လေထုအရည်အသွေးညွှန်းကိန်း

 

လေထုအရည်အသွေးညွှန်းကိန်း (AQI) သုညမှ ၅၀ အတွင်းရှိပါက ကောင်းမွန်ပြီး ၅၁ မှ ၁၀၀ အကြားရှိပါက အလယ်အလတ်အဆင့်ရှိကာ ၁၀၁ မှ ၁၅၀ အကြားရှိပါက ထိခိုက်လွယ်သူများအတွက် လေထုမှာ ကောင်းမွန်မှုမရှိဘူးလို့ သိရပါတယ်။ ၁၅၁ မှ ၂၀၀ အဆင့်ရှိပါက ကျန်းမာရေးအတွက် မကောင်းကြောင်း၊ ၂၀၁ မှ ၃၀၀ အဆင့်ရှိပါက ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ ၃၀၁ အထက်ရှိပါ က ကျန်းမာရေးကို အန္တရာယ်ပေးတဲ့အဆင့် ဖြစ်ကြောင်း သိရတယ်။

 

လေထုညစ်ညမ်းမှုဆိုတာက လေထုထဲမှာ မီးခိုး၊ ဓာတ်ငွေ့တစ်မျိုးမျိုး၊ ဖုန်မှုန့်တွေ၊ မြူခိုးတွေ၊ အနံ့အသက်တွေ၊ ရေခိုးရေငွေ့တွေရှိသင့်တဲ့ ပမာဏထက် ပိုပြီးများပြားစွာရှိနေတာက လေထု အရည်အသွေးကျဆင်းနေတာပဲ ဖြစ်တယ်။

 

လေထုထဲမှာ ကာဗွန်မိုနောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်နဲ့ အိုဇုန်း၊ (PM2.5) နဲ့ (PM10) အမှုန်အမွှားတွေစတဲ့ ညစ်ညမ်းပစ္စည်းတွေ အနည်းနဲ့ အများဆိုသလို ရောနှောပါဝင်နေတယ်ဆိုရင် လေထု ညစ်ညမ်းမှုဖြစ်ပေါ်လာပါတယ်၊၊

 

အဓိကအန္တရာယ်ပြုတဲ့ အမှုန်တွေကတော့ ကာဗွန်မိုနောက်ဆိုက်၊ အိုဇုန်း၊ နိုင်ထရိုဂျင်ဒိုင် အောက်ဆိုက်နဲ့ ဆာလ်ဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေဖြစ်တယ်။ အဲဒီအမှုန်တွေက လူသား တွေရဲ့ကျန်းမာရေးကို တစ်နည်းနည်းနဲ့ ထိခိုက်စေနိုင်တယ်။ အများဆုံးကတော့ အသက်ရှူ လမ်းကြောင်းကနေ လူ့ခန္ဓာကိုယ်ကို ထိခိုက်စေတာ ဖြစ်တယ်။ 

 

ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်း လေထုညစ်ညမ်းမှု AQI ညွှန်းကိန်းဟာ ၁၅၁ မှ ၂၀၀ အထိ ရောက်နေပြီဖြစ်လို့ ကျန်းမာရေးအတွက် မကောင်းတဲ့အဆင့် ဖြစ်နေပါပြီ။

 

လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အမှုန်အမွှားလေးတွေရဲ့ပမာဏ သေးငယ်လေလေ လူ့ခန္ဓာကိုယ် အတွင်းဝင်ရောက်ဖို့ လွယ်ကူလေလေဖြစ်ပါတယ်။ ၁၀ မိုက်ခရိုမီတာထက်သေးငယ်တဲ့ အမှုန်အမွှား တွေ (PM10)ဟာ အသက်ရှူလမ်းကြောင်းက တစ်ဆင့် အဆုတ်ထဲအထိ ဝင်ရောက်နိုင်တယ်။ ၂ ဒသမ ၅ မိုက်ခရိုမီတာထက် သေးငယ်တဲ့အမှုန် အမွှားတွေ (PM2.5) (လူ့ဆံပင်၏ သုံးရာခိုင်နှုန်းခန့် သာရှိတဲ့ အမှုန်အမွှားတွေ)ဟာ အဆုတ်အတွင်းရှိ လေအိတ်ငယ်တွေရဲ့နံရံကတစ်ဆင့် သွေးကြောထဲအထိ ဝင်ရောက်နိုင်ပါတယ်။ သွေးကြောထဲအထိ ရောက်သွားတဲ့ အမှုန်အမွှားတွေက သွေးလည်ပတ် စီးဆင်းမှုကို ထိခိုက်စေကာ လေဖြတ်တာ၊ နှလုံးထိခိုက်တာအပြင် တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လူတိုင်းအတွက် လေဟာမရှိမဖြစ် လိုအပ်တာကြောင့် လေထုညစ်ညမ်းမှုဟာ တခြားကျန်းမာရေးပြဿနာတွေ၊ ရောဂါတွေထက်ပိုပြီး ဒုက္ခပေးနိုင်တာ အမှန်ပါပဲ။ ညစ်ညမ်းမှုများလာတဲ့လေကို ရှူရတဲ့အချိန် ကာလ နေ့ရက်တွေများလာလေလေ ကျန်းမာရေး ထိခိုက်မှုပိုများလာလေလေ ဖြစ်ပါတယ်။

 

ပျမ်းမျှမျှော်မှန်းသက်တမ်းဟာ ၂ ဒသမ ၂ နှစ်ခန့်အထိ ကျဆင်းလာ

 

လေထုညစ်ညမ်းမှုကြောင့် လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှမျှော်မှန်းသက်တမ်းဟာ ၂ ဒသမ ၂ နှစ် ခန့်အထိ ကျဆင်းလာတယ်လို့ ကျန်းမာရေး မှတ်တမ်းတွေအရ သိရပါတယ်။ ပြောရရင် ကျန်းမာ ရေးထိခိုက်မှုဟာ ရောဂါဖြစ်နှုန်းနဲ့ ဆုံးရှုံးမှုနှုန်း အမြင့်ဆုံးနဲ့ အများဆုံး ဖြစ်လို့နေပါတယ်။

 

ကလေးသူငယ်‌တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ရောဂါအခံရှိသူတွေဟာ လေထု ညစ်ညမ်းမှုရဲ့ ဆိုးကျိုးနဲ့ ကျန်းမာရေးပြဿနာတွေကို ကျန်တဲ့သူတွေထက် ပိုပြီးခံစားရနိုင်ခြေ ရှိတယ်။ ဖြစ်နိုင်ရင် သူတို့ကိုအရင်ဆုံးဂရုစိုက်ကြရပါမယ်။

 

လေထုညစ်ညမ်းမှု အန္တရာယ်ကာကွယ်နိုင်ဖို့ အတွက် လေထုညစ်ညမ်းမှုအမြင့်ဆုံးအချိန်တွေ ဖြစ်တဲ့ နံနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ အပြင်မထွက်ဘဲ အိမ်တွင်းမှာပဲ နေထိုင်ရပါမယ်။ အိမ်တွင်းလေထုကို ထိန်းသိမ်းဖို့အတွက် ပြတင်းပေါက်နဲ့ တံခါးတွေ ကိုပိတ်ထားပါ၊ အပြင်ထွက်ရင် အရည်အသွေးမြင့် ပါးစပ်နဲ့ နှာခေါင်းစည်း (ဥပမာ- N95 Mask) တပ်ဆင်ပါ၊ အိမ်ထဲမှာအမွှေးတိုင်၊ ခြင်ဆေးခွေ ထွန်းတာ၊ ဆေးလိပ်သောက်တာ၊ ထင်း/မီးသွေးတွေ နဲ့ ချက်ပြုတ်တာတွေကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ 

 

လေထုညစ်ညမ်းမှုဟာ ရာသီဥတုပြောင်းလဲမှု နဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။ တွင်းထွက် လောင်စာတွေ အသုံးပြုတာ၊ ယာဉ်ပေါင်းစုံက ထုတ်လွှတ်တဲ့မီးခိုးငွေ့တွေ၊ စက်ရုံတွေကထွက်ရှိတဲ့ မီးခိုးတွေ စတာ‌တွေဟာ လေထုညစ်ညမ်းမှုကိုဖြစ်စေတယ်။

 

ဒီလိုအကြောင်းအရာတွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်လျှော့ချနိုင်ဖို့ လိုအပ်လာပါပြီ။ ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေကများပြီး အန္တရာယ်အကြီးမားဆုံး ရောဂါအစုံကို ဖြစ်စေတဲ့ လေထုညစ်ညမ်းမှုကို ဥပဒေပြဋ္ဌာန်းတာ၊ အသိပညာပေးတာ နည်းလမ်းတွေ ရှာဖွေလုပ်ဆောင်ပြီး လူတွေပြုမူမှုတွေကနေ ဖြစ်ပေါ်လာတဲ့ လေထု ညစ်ညမ်းမှုကို ထိန်းချုပ်နိုင်ပါတယ်။ ရပ်ကွက်နဲ့‌ တောရွာဒေသတွေမှာ လယ်ယာစိုက်ခင်း မီးရှို့တာ၊ တောမီးရှို့တာ၊ အမှိုက်မီးရှို့တာတွေကို အသိပညာပေး တားမြစ်မှုတွေ လုပ်ဆောင်ရပါမယ်။ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေဖြစ်တယ်ဆိုတာကို ရှင်းလင်းပြောပြပေးရပါမယ်။ မြို့ပြဒေသတွေမှာ ကိုယ်ပိုင်ယာဉ်သုံးစွဲမှုကို လျှော့ချကြဖို့၊ အများသုံးသယ်ယူပို့ဆောင်မှုကိုမြှင့်တင်ပြီး ပူးပေါင်းပါဝင် ကျင့်သုံးကြဖို့ကိုလည်း ပညာပေးစည်းရုံး လုပ်ဆောင်ကြရပါမယ်။ အစားအစာချက်ပြုတ်ရာမှာ ထင်း၊ မီးသွေး‌လောင်စာသုံးစွဲမှုကို လျှော့ချဖို့လည်း ပညာပေးတာ၊ နည်းပညာပိုင်းအကူအညီပေး တာတွေကို စနစ်တကျ ပုံမှန်ဆောင်ရွက်ဖို့လည်း လိုပါတယ်။

 

အခုလိုလေထုညစ်ညမ်းမှုကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေကို စနစ်တကျချမှတ်ပြီး လိုက်နာ ဆောင်ရွက်ကြမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို လျှော့ချနိုင်မှာဖြစ်တယ်။

 

လေထုညစ်ညမ်းမှုကို လျှော့ချ

 

ကျွန်တော်တို့ ပြည်သူတစ်ဦးချင်းစီအနေနဲ့ လေထုညစ်ညမ်းမှုကို လျှော့ချရာမှာ ပါဝင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်း‌ကောင်းတွေရှိပါတယ်။

ကိုယ်ပိုင်ကားစီးမယ့်အစား အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုမယ်၊ ခရီးတို နီးမယ်ဆိုရင် စက်ဘီးစီးပြီးသွားမယ်၊ ဆေးလိပ် သောက်တာလျှော့ချမယ်၊ တချို့ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးမယ့်အစား ပြန်လည်သုံးစွဲလို့ရအောင် စီမံပြုလုပ်ဆောင်ရွက်မယ်စတဲ့ နည်းလမ်းတွေနဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီက လိုက်နာကျင့်သုံးကာ နေ့စဉ်လူနေမှုဘဝကို ပြောင်းလဲတာဟာလည်း လေထုညစ်ညမ်းမှုလျှော့ချမှုကို တစ်ဖက်တစ်လမ်းက အကျိုးပြုတာပါပဲ။

 

အခုအချိန်အခါမှာ လေထုညစ်ညမ်းမှုကို သတိပြုကာကွယ်နိုင်ဖို့ လိုအပ်နေတာက အမှန်ဖြစ် နေပါပြီ။ လေထုညစ်ညမ်းမှုမဖြစ်အောင် ဖြစ်ပွားမှုပိုတိုးမလာအောင် အသိတရားရှိရှိနဲ့ နေထိုင်ပြုမူလုပ်ဆောင်ကြရပါမယ်။ လေထုညစ်ညမ်းမှု အန္တရာယ်ကြီးမားတာနဲ့ ကျန်းမာရေး ဆိုးကျိုးတွေများတာကို ကိုယ်ကိုယ်တိုင်သိရှိ နားလည်ဖို့လိုသလို အများပြည်သူသိအောင်လည်း ထပ်ဆင့်မျှဝေပေးကြရင်း ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကို သတိပြုကာကွယ်ပြီး နေထိုင်ကြ‌စေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။ ။