၇ မတ်

 

ဆီးရီးယားပြည်တွင်းစစ်သည် ၂၀၁၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည်ဖြစ်၍ (၇)နှစ်သက်တမ်းရှိတော့မည်ဖြစ်ပါသည်။ ပြည်သူလူထု၏ ဒီမိုကရေစီရေးတောင်းဆိုမှုများအား ဆီးရီးယားအစိုးရက ဖိနှိပ် ဖြိုခွဲရာမှ ဖြစ်ပေါ်ခဲ့သော ဆီးရီးယားပြည်တွင်းစစ်သည် ကြေကွဲဖွယ်ရာ လူသမိုင်းဖြစ်ရပ် တစ်ခုဖြစ်ပါသည်။ (၇)နှစ်တာ ပြည်တွင်းစစ်ကာလအတွင်း သေဆုံးခဲ့ရသော ပြည်သူအရေအတွက်သည် တစ်သိန်းတစ်သောင်းခန့်ရှိပါသည်။ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လျက်ရှိသော လက်နက်ကိုင်တပ်ဖွဲ့ဝင်တို့၏ သေဆုံးမှုကိုပါ ထည့်သွင်းတွက်ချက်ပါက ငါးသိန်းနီးပါးရှိပါသည်။ နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာရသော ဆီးရီးယားပြည်သူတို့၏ အရေအတွက်သည် (၇.၆) သန်းရှိ၍ တရားဝင်မှတ်ပုံတင်ထားသော ဒုက္ခသည်အရေအတွက်မှာ (၅.၂) သန်းရှိပါသည်။ ဆီးရီးယားနိုင်ငံ၏ ၂၀၁၈ ခုနှစ်၊ ခန့်မှန်းလူဦးရေ (၁၈.၂၈) သန်းဖြင့် နှိုင်းယှဉ်ကြည့်ပါက ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူတို့ ကြုံတွေ့ခံစားနေရသော ဆင်းရဲဒုက္ခအတိုင်းအတာပမာဏကို မှန်းဆနိုင်ပါသည်။ ကုလသမဂ္ဂ ခန့်မှန်းမှုအရ လက်ရှိအခြေအနေ၌ပင် နေ့စဉ် ဆီးရီးယား ပြည်သူငါးထောင်ခန့်သည် နိုင်ငံကို စွန့်ခွာထွက်ပြေးလျက်ရှိပါသည်။ ဆီးရီးယားပြည်တွင်းစစ်အတွင်း SARIN၊ MUSTARD GAS နှင့် CHLORINE GAS ကဲ့သို့ သော ဓာတုလက်နက်တို့အား အသုံးပြုခဲ့သည်ကိုလည်း တွေ့ရပါသည်။

 

 

ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူတို့ ရင်ဆိုင်ရလျက်ရှိသော ဘေးဒုက္ခအန္တရာယ်တို့နှင့် ရခိုင်ပြည်နယ်တွင် ရင်ဆိုင်ရလျက်ရှိသည်ဟု စွပ်စွဲပြောဆိုနေသော ဘေးဒုက္ခအ္တရာယ်ဆိုသည်တို့သည် နှိုင်းယှဉ်၍ မရလောက်အောင် မိုးနှင့်မြေပမာ ကွာခြားပါသည်။ သို့သော် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဆီးရီးယားပြည်တွင်းစစ်ရပ်စဲရေးအတွက် တစ်စုံတစ်ရာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါ။ ဤသည်မှာလည်း ရှင်းပါသည်။ ဆီးရီးယားပြည်တွင်းစစ်၌ ကမ္ဘာ့အင်အားကြီးနိုင်ငံတို့နှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများ ပါဝင်ပတ်သက်လျက်ရှိသောကြောင့် ဖြစ်ပါသည်။ ဆီးရီးယားပြည်တွင်းစစ်၌ တစ်စုံတစ်ရာ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်သော အနောက်နိုင်ငံကြီး တချို့နှင့် ကုလသမဂ္ဂက ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တင်းတင်းမာမာ ပြောနေကြခြင်းသည် အမြီးအမောက် မတည့်သော ကျိုးကြောင်းမဲ့လုပ်ရပ်သာ ဖြစ်ပါသည်။

 

 

ရခိုင်ပြည်နယ်အရေးကို အကြောင်းပြု၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက Responsibility to Protect (R2P)  ကျင့်သုံးမည်ကို စိုးရိမ်ကြောင်း ထိုသူတို့က ဆိုပါသည်။ (R2P) သည် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်မှသာ ကျင့်သုံးနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံအပေါ် ချမှတ်ကျင့်သုံးရန်အကြောင်း မရှိပါ။ မရှိသောအကြောင်းအရင်းအား လုပ်ကြံဖန်တီးပါကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံအပေါ် (R2P) ဆုံးဖြတ်ချက်ချမှတ်နိုင်သော အခြေအနေမရှိပါ။ (R2P) ကျင့်သုံး ဆောင်ရွက်ရေး၌ နိုင်ငံတစ်နိုင်ငံ၏ ပြည်သူလူထုအပေါ် အကာအကွယ်ပေးရေးတာဝန်၊ နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်းဟူသော ထောက်တိုင်ကြီး သုံးရပ်ပါဝင်ပါသည်။ ဥပမာအားဖြင့် နိုင်ငံတကာ၏ပံ့ပိုးကူညီမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဟူသော ထောက်တိုင်ဖြင့်ချိန်ထိုးကြည့်ပါက ရခိုင်ပြည်နယ်အရေး၌ အဆိုပါထောက်တိုင်ဆိုင်ရာ နိုင်ငံတကာပံ့ပိုးကူညီမှုတို့ကို သိသိသာသာတွေ့ရှိရခြင်း မရှိသေးပါ။ နိဂုံးချုပ်အားဖြင့် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုတို့အားဖြစ်ပွားစေနိုင်သည့် မလိုလားအပ်သော အသုံးအနှုန်းတို့ကို လက်လွတ်စပယ် အသုံးမပြုပါရန် လေးလေးနက်နက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

မြန်မာ့အလင်း