မြင့်စိုး (နတလ)

ကျွန်တော်တို့ စစ်တက္ကသိုလ် အမှတ်စဉ် (၂၂) မိသားစုဝင်များ၏ ဗုဒ္ဓဂယာဘုရားဖူး ဆယ့်တစ်ညအိပ် ဆယ့်နှစ်ရက်ခရီးစဉ်က မသွားခင်မှာသာ ပြင်လိုက်ကြဆင်လိုက်ကြ၊ ညှိနှိုင်းတိုင်ပင် ဆွေးနွေးလိုက်ကြနှင့် အချိန်များစွာယူခဲ့ကြရသော်ငြား တကယ်သွားပြီလည်းဆိုရော အချိန်တွေက အကုန်မြန်လိုက်ပါဘိ။ ဆင်လိုက်ကြဆို၍ သူတို့ကိုယ်တိုင် ဂယာဘုရားဖူး မလိုက်သော်လည်း လိုက်ပါသူမိသားစုများ ဝတ်ဆင်ရန်ယောဂီဝတ်စုံများကို မှာယူဆောင်ရွက်ပေးသော သူငယ်ချင်း ဦးဇော်ဝင်းအောင်နှင့် ဇနီးဒေါ်ဦးဦးမြတို့အား ကျေးဇူးတင်ရပါသည်။ ခရီးစဉ်အတွင်း ကားသုံးစီးမှာ လိုက်ပါမည့်စာရင်းကအစ တည်းခိုနေထိုင်ရမည့် ရက်အလိုက်၊ ဘုန်းတော်ကြီးကျောင်းများအလိုက်၊ အခန်းနေရာချထားမှုများ အဆင်ပြေအောင် သေချာစေ့စေ့စပ်စပ် လျာထားဆောင်ရွက်ပေးကြသော ဦးဝင်းမြင့်၊ ဦးမျိုးဝင်းတို့ကိုလည်း ကျေးဇူးတင်ရပါသည်။ ရဟန်းသံဃာများနှင့် သီလရှင် ဆရာကြီးတစ်ပါးလည်း ပါနေသည်။ ဦးကောင်းစံဦး - ဒေါ်နီလာအေးတို့၏ သမီးကြီး မပွင့်ပြည့်စန္ဒီဦးကလည်း ဒုတိယနေ့မှစ၍ သီလရှင် သုံးရက် ဝတ်လိုက်သေးသည်။ အခန်းနေရာ ချရာတွင် အတတ်နိုင်ဆုံး မိသားစုအလိုက်လည်းဖြစ်ရမည်။ ခြေတစ်ဖက် စွန့်လွှတ်ထားသူ၊ ကျန်းမာရေး မကောင်းသူများအတွက် မြေညီထပ်၊ ပထမထပ်များကိုသာ စီစဉ်ထားရှိပေးပါသည်။ ကျောင်းတုန်းက လုပ်ခဲ့ရတဲ့ duty cadet တာဝန်က ခုထိမပြီးသေးဘူးကွဟု ကိုဝင်းမြင့်က ရယ်စရာပြောတတ်ပါသည်။ ဒီလိုစနစ်တကျ လုပ်တတ်တာတွေကြောင့်လည်း လေ့ကျင့်ရေး ထူးချွန်ဆုရခဲ့တာဟု မှတ်ချက်ပြုရမလိုပင်။

သံဃာတော်များဆို၍ ဦးပဉ္စင်းဦးဇာဂရ၊ ဦးကောသလ္လတို့နှင့်အတူ တစ်ခန်းတည်း နေရာချထားပေးသော ကိုစိန်သောင်း (ဗလအမှတ် ၁၉၆၁) လည်း ဦးပဉ္စင်း နှစ်ပါးအတွက် ဝတ်ကြီးဝတ်ငယ် ဝေယျာဝစ္စတွ ေဆောင်ရွက်ပေးရင်း ကုသိုလ်တွေ အတော်ရခဲ့သည်။ ထိုနည်းတူစွာ မိုင်းထိဒဏ်ရာကြောင့် ခြေဖျားပိုင်းများ ဖြတ်တောက်ထားရပြီး ဝှီးချဲနှင့် သွားလာနေရသူ ကိုဆန်နီအောင်အတွက် ကိုကျော်သိန်းက အကူရဲဘော်တာဝန်ကို ထမ်းဆောင်သွားခဲ့သည်။ အခြားသော သူငယ်ချင်းများကလည်း တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြပါသည်။ ခရီးစဉ်အတွင်း ထူးထူးခြားခြားလေး တစ်ခုလည်း ဖြစ်သွားသေး၏။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ခရီးစဉ်က ကုသိနာရုံမှနာလန္ဒာသို့ ၁၉၆ မိုင် ခရီးရှည် ဖြစ်သည်။ ထိုနေ့နံနက် ၁၀ နာရီကျော်ကျော်လောက်မှာ ကူဋာဂါရဝိဟာရဝေသာလီ မြန်မာကျောင်းသို့ ရောက်ရှိဖူးမြော် ကန်တော့ကြလို့အပြီး ကိုဝင်းကိုကိုတစ်ယောက် အုတ်လှေကား အဆင်းခြေချော်လဲကျ၍ ဦးခေါင်းအနည်းငယ် ပေါက်သွားခဲ့ရသည်။ အတွင်းဒဏ်ရာရမည်စိုး၍ တည်းခိုရာ နာလန္ဒာ တရုတ်ကျောင်းသို့အရောက် အနီးဆုံးဆေးခန်းသို့ပြေး၍ ပြပေးကြသည်။ အတူပါလာသော ဆရာဝန်များကလည်း ဂရုတစိုက်ကြည့်ရှုကုသပေး ကြပါသည်။ သူငယ်ချင်းများက သူ့အတွက် မည်မျှစိတ်ပူပေးကြသလဲဆိုရပါမူ ဂယာသို့ ပြန်ရောက်သည့်နေ့မှာ ဒေါ်သဇင်မြင့်အောင်တို့အဖွဲ့နှင့် ညှိနှိုင်း၍ လေယာဉ်နေရာစီစဉ်ပြီး ရန်ကုန်သို့ တစ်ရက်စောကာ ပြန်လွှတ်ပေးခဲ့သည်။ ရန်ကုန်မှာ စစ်ဆေးကြည့်ပြီးသောအခါ ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း သိရ၍ အားလုံးစိတ်အေးကြရသည်။ ဒါတွေကိုလည်း အမှတ်တရဖြစ်ခဲ့ရသည်ပေါ့။

ကုသိနာရုံ-နာလန္ဒာ ၁၉၆ မိုင်

ဒုတိယအရှည်ဆုံး ခရီးဟုပြောရပေမည်။ နံနက်စောစောထကြ၊ သားငယ် မောင်မင်းသန့်၏ ၂၁ နှစ်မြောက်မွေးနေ့အလှူအဖြစ် ဦးသန့်ဇော်၊ ဒေါ်တင်မိုးသန်းတို့ကပ်လှူသော အရုဏ်ဆွမ်းအလှူအတွက် သာဓုခေါ်ခဲ့ကြပြီး နံနက်စာစားကာ ၆ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာသည်။ လမ်းမှာ ဖူးမြော်ကြည့်ရှုလေ့လာစရာတွေ ရှိသေး၏။ နံနက် ၈ နာရီ ၂၀ မိနစ်မှာ ကုသိနာရုံ နှင့် ဝေသာလီမြို့အကြားက မဟီမြစ်ကို ဖြတ်ခဲ့ကြသည်။ အထက်မှာဆိုခဲ့သည့်အတိုင်း နံနက် ၁၀ နာရီကျော်ကျော်လောက်မှာ ဝေသာလီရှိ ကူဋာဂါရဝိဟာရ ကျောင်းသို့ရောက်ရှိပြီး ဆရာတော်အား ဖူးမြော်ကန်တော့ကြသည်။ ဝေသာလီသည် ကုသိနာရုံမှ ၂၆၀ ကီလိုမီတာအကွာ၊ ပတ္တနားမြို့ (ယခင်ပါဋလိပုတ်) မ ကီလိုမီတာ ၅၀ ခန့် အကွာအဝေးတွင်တည်ရှိပြီး အိန္ဒိယ အသံထွက်အရ ဗေရှာလီ(Vaishali) ဟု ခေါ် သည်။ မွန်းတည့် ၁၂ နာရီတိတိတွင် ဒုတိယသင်္ဂါယနာ တင်ခဲ့သောနေရာ အရှင်အာနန္ဒာစေတီတော်ကိုဖူးမြော်ကြသည်။ မူလလက်ရာအတိုင်း ခြင်္သေ့လေးကောင်နှင့် ထုဆစ်ထားသော အသောကကျောက်တိုင်ကို ဤစေတီအနီး၌ တွေ့ရှိနိုင်ပါသည်။ ဆက်လက်၍ ဝေသာလီဓာတ်တော်တိုက်ကို ဖူးမြော်ခဲ့ကြသည်။ ပတ္တနားမြို့သို့ မရောက်မီ ဂျီဟာဘူမြို့နှင့် ပတ္တနား အကြားတွင် အရှည် ကိုး ကီလိုမီတာ (၅ မိုင်ခွဲခန့်) နီးပါးရှိ ဂင်္ဂါမြစ်ကူးတံတားတစ်ခုကို ဖြတ်ရသည်။ ရှည်လျားလွန်းလှပေစွ။ မဟတ္တမဂန္ဒီတံတားဟု အမည်ရပါသည်။ တံတားတစ်ခြမ်း ပြင်နေသဖြင့် ကျန်တစ်ခြမ်းဖက်မှာပဲ အသွား-အပြန်မျှ၍ သွားနေကြသည်။ ညနေ ၆ နာရီ ၁၅ မိနစ်တွင် မိမိတို့တည်းခိုမည့် နာလန္ဒာ တရုတ်ကျောင်းသို့ ရောက်ရှိခဲ့ကြသည်။

တောင်ငါးလုံးပိတ်ဖုံးကာခို ရာဇဂြိုဟ်

ဝေဘာရတောင်၊ ဝေပုလ္လတောင်၊ ဣသိဂိလိတောင်၊ ပဏ္ဍာဝတောင်၊ ဂိဇ္ဈကုဋ်တောင် ဆိုသည့် တောင်ငါးလုံး ဝန်းရံပတ်လည်တည်ရှိနေသော၊ မင်းနေပြည်တော်ဖြစ်ခဲ့ဖူးသော ရာဇဂဟဆိုသည့် ပါဠိဘာသာမှတစ်ဆင့် ရာဇဂြိုဟ်သို့ ဆင်းသက်လာသော အရပ်ဒေသဖြစ်ပါသည်။ အရှေ့မှ အနောက်သို့ ၃၅ ကီလိုမီတာ၊ မြောက်မှတောင်သို့ ခြောက် ကီလိုမီတာခန့် ရှည်လျားစွာ တည်ရှိခဲ့ဖူးသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့နံနက် အရုဏ်ဆွမ်းကိုဦးကောင်းစံဦး၊ ဒေါ်နီလာအေးမိသားစုက ကပ်လှူခဲ့ ပြီးနောက် တစ်နေ့တာ အစီအစဉ်စခဲ့သည်။ နံနက်၇ နာရီခွဲတွင် ဝေဠုဝန်ကျောင်းတော်ရာသို့ စတင်ရောက်ရှိခဲ့ကြသည်။ ဝေဠုဝန်ဆိုသည့်အတိုင်း ယခင်ကတော့ ဝါးရုံတောများ ထူထပ်စွာ ပေါက်ရောက်လျက် စိမ်းစိုသာမောစွာ ရှိနေပေလိမ့်မည်။ ဗိမ္ဗိသာရမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့သော ဝေဠုဝန်ကျောင်းတော်ကြီးတွင် မြတ်စွာဘုရားသည် လေးဝါတိုင်တိုင် ဝါဆိုဝါကပ်တော်မူခဲ့ပြီး လောကစိန္တာသုတ်၊ အဘယရာဇ ကုမာရသုတ်၊ ရထဝီနီတသုတ်၊ မဟာဝစ္ဆဂေါတ္တသုတ်ဟူသော သုတ္တန်များကို ဟောကြားတော်မူခဲ့သည်။ ကျောင်းတော်ရာနေရာ၌ ဘုရားရှင်အသုံးပြုခဲ့သော ကလန္ဒက (ခေါ်) ရှဉ့်နက်ရေကန်လည်းရှိသည်။ ထိုမှဝေပုလ္လတောင်သို့ ထွက်ခွာကြကာ ရှင်မဟာကဿပဂူကို အဝေးမှ ကြည့်ရှုဖူးမြော်ခဲ့ကြသည်။ ဆက်လက်၍ နာဠာဂီရိဆင်ကြီးကို အောင်တော်မူသောနေရာနှင့် ဗိမ္ဗိသာရမင်းကြီး၏ ဘဏ္ဍာတိုက်နေရာတို့ကို သွားရောက်ပြီး နံနက် ၉ နာရီတွင် အဇာတသတ် ဓာတ်တော်တိုက်သို့ ရောက်ရှိဖူးမြော်သည်။ မဏိယာမတ်ဟု၍လည်း ခေါ်ပါသည်။

ဂျပန်ဘုရားဖူးမြော်၍ ဂိဇ္ဈကုဋ်တောင်သို့ တက်ခဲ့သည်

လင်းတငှက်များ နားခိုခဲ့ဖူး၍ ဂိဇ္ဈကုဋ်တောင်ဟုခေါ်သလို လင်းတနှုတ်သီးနှင့်တူသော တောင်ဟူ၍လည်း အဓိပ္ပာယ်ရသည်။ တောင်ပေါ်ရှိ ကျောက်တုံးတစ်တုံးသည်လည်း လင်းတနှုတ်သီးပုံသ္ဌာန် ရှိနေကြောင်းသိရသည်။ တောင်ခြေမှ ဂျပန်ဘုရားရှိရာ တောင်ကုန်းသို့ ကေဘယ်ကြိုးဖြင့် တက်နိုင်သည်။ ထိုင်ခုံပေါင်း ၁၀၁ ခုံ တပ်ဆင်ထားသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်မှန်း၍ တည်ထားသော ဂျပန်ဘုရား ဝိရွှသျှန္တိစေတီကို ၁၉၆၉ ခုနှစ်တွင် ဂျပန်ဘုန်းတော်ကြီး နီချီဒတ်ဆူကူအီဖူဂျီက တည်ထားခဲ့ခြင်းဖြစ်သည်။ ဂျပန်ဘုရားကုန်းမှတစ်ဆင့် ဂိဇ္ဈကုဋ်တောင်သို့ ဆက်လက်တက်ရောက်နိုင်သည်။ ခပ်သွက်သွက် လမ်းလျှောက်နိုင်ပါကအတက် ၁၅ မိနစ်ခန့်၊ ထိုမှ တောင်ခြေသို့ လမ်းလျှောက်ဆင်းလျှင် ၂၅ မိနစ် စုစုပေါင်းမိနစ်၄၀ ခန့် အချိန်ပေးရပါမည်။ လမ်းလျှောက်မဆင်းနိုင်ပါမူ ဂျပန်ဘုရားကုန်းသို့ပြန်တက်ပြီး ကေဘယ်ဖြင့်ဆင်းသွားနိုင်ပါသည်။ ဂိဇ္ဈကုဋ်တောင်၌ ၂၀ ကြိမ်မြောက် ဝါဆိုဝါကပ်တော်မူပြီးနောက် ဗောဇ္ဈင်္ဂသုတ်၊ ပရိမိတ္တဇာလသုတ်၊ ဝေဒနာပရိဂ္ဂဟသုတ်၊ သက္ကပဉ္ဇသုတ္တန်တို့ကို ဟောကြားတော်မူခဲ့သည်။ ဂိဇ္ဈကုဋ်တောင်မှအပြန် နေ့လယ်စာစားကြပြီးနောက် ညနေပိုင်း၌ နာလန္ဒာတက္ကသိုလ်ဟောင်းနေရာကို သွားရောက် ကြည့်ရှုလေ့လာကြပါဦးမည်။

ကြေးမုံ

mdn