သတ္တလောကကြီးတွင် လူနှင့်အတူ တိရစ္ဆာန်များနှင့် အခြားသက်ရှိဇီဝများလည်း အမြောက်အမြား ရှင်သန်နေထိုင်ကြရာ လူနှင့် တိရစ္ဆာန်များအကြားတွင် ထင်မှတ်မထားဘဲ ပေါ်ထွက်လာသည့် ရောဂါအသစ်အဆန်းများက လူသားထုတစ်ရပ်လုံးကို မကြာခဏဆိုသလို ခြိမ်းခြောက်လျက်ရှိသည်။ ၂၁ ရာစု သို့အဝင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ဖြစ်ပွားခဲ့သည့် အထိတ်တလန့်ဖြစ်ဖွယ် ရောဂါများ၏ ၇၅ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မှ လူသို့ ကူးစက်သော ရောဂါများဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးပွားလာခြင်း၊ ကမ္ဘာတစ်ဝန်းသို့ လူနှင့်ကုန်စည်များ အမြောက်အမြား လျင်မြန်စွာ ကူးသန်းသွားလာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းခြင်းနှင့် ရာသီဥတု ပြောင်းလဲလာခြင်းတို့က တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများ (Zoonosis) တို့ ပေါ်ထွက်လာရခြင်း၏ အခြေခံအကြောင်းရင်းများ ဖြစ်သည်ဟုဆိုသည်။
တိရစ္ဆာန်များဟု ဆိုရာတွင် သားရိုင်းတိရစ္ဆာန်များနှင့်တကွ ကျွဲ၊ နွား၊ ကြက်၊ ဝက် ကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်များ၊ ခွေး၊ ကြောင် စသည့် ချစ်မွေးတိရစ္ဆာန်များလည်း ပါဝင်သည်။ တိရစ္ဆာန်မှ လူသို့ ကူးစက်သောရောဂါ (Zoonosis) ဟူသည် ကျောရိုးရှိသတ္တဝါများမှ လူသို့ သဘာဝအလျောက် ရောဂါပိုးများ ကူးစက်ခြင်းဖြင့် လူတွင်ရောဂါဖြစ်ပွားခြင်းကိုဆိုသည်။ ကမ္ဘာအနှံ့တွင် လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 နှင့် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ဖြစ်ပွားခဲ့သည့် ဆားစ်၊ မားစ်၊ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး၊ အီဘိုလာ၊ မျောက်ကျောက် စသည်တို့အပြင် ၂၀ ရာစု လူသားကမ္ဘာကို ခြိမ်းခြောက်ခဲ့သည့် HIV/AIDS စသည့် ရောဂါအပေါင်းတို့၏ မူလအစမှာ တိရစ္ဆာန်များထံမှ ဖြစ်သည်။ တိရစ္ဆာန်မှ လူသို့ ကူးစက်သည်ဟုဆိုရာတွင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်း၊ တိရစ္ဆာန် များ၏ခန္ဓာကိုယ်ရှိ ကပ်ပါးကောင်များဖြစ်သော သန်း၊ လှေး၊ မွှားနှင့် သန်ကောင်များမှတစ်ဆင့် ကူးစက်ခြင်း၊ တိရစ္ဆာန် များ၏ သွေး၊ တံတွေး၊ ဆီး၊ မစင်တို့မှတစ်ဆင့် ကူးစက်ခြင်း၊ တိရစ္ဆာန်များ၏ ခန္ဓာကိုယ်အရေပြား၊ အမွေးအမှင်တို့မှ တစ်ဆင့် ကူးစက်ခြင်း၊ တိရစ္ဆာန်အစာ ရေတို့မှလည်းကောင်း၊ ကိုက်မိခြင်း၊ ကုတ်ခြစ်မိခြင်းတို့မှလည်းကောင်း ကူးစက်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် ကူးစက်နိုင်သည်ကို သတိပြုကြရန် လိုသည်။
သားရိုင်းတိရစ္ဆာန်များ၊ မွေးမြူရေးတိရစ္ဆာန်များ၊ pet ခေါ် ချစ်မွေးတိရစ္ဆာန်များအားလုံးတို့သည် လူတို့အတွက် ရောဂါ များ ကူးစက်စေနိုင်သည့် အရင်းအမြစ်များ ဖြစ်စေကာမူ ကင်းကွာနေ၍ မရသည့်အလျောက် ရောဂါကူးစက်မှုများ ဖြစ်ပေါ်မလာစေရန် ဉာဏ်ပညာ၊ သတိတရားတို့ဖြင့် ကာကွယ် ကြရမည်ဖြစ်သည်။ လူသားတို့စားသုံးရန် အသား၊ နို့၊ ဥ စသည့်လိုအပ်ချက်တို့ မြင့်မားလာသည်နှင့်အမျှ တိရစ္ဆာန်များကို တိုး၍ မွေးမြူလာကြရမည်ဖြစ်သလို လူနေမှုစနစ်များ ပြောင်းလဲလာခြင်း၊ လူဦးရေတိုးပွားလာခြင်းတို့ကြောင့် အိမ်မွေးတိရစ္ဆာန်များ မွေးမြူမှုများပြားလာခြင်း၊ တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်မှု မြင့်မားလာခြင်းတို့လည်း ဆက်လက် ဖြစ်ပေါ်နေဦးမည်ဖြစ်ရာ အနာဂတ်တွင် တိရစ္ဆာန်မှ လူသို့ ကူးစက်သည့်ရောဂါများ ကြောက်မက်ဖွယ်ရာ ထပ်မံဖြစ်ပေါ် မလာစေရေးအတွက် သားရိုင်းတိရစ္ဆာန်များ ကာကွယ် ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မွေးမြူရေး လုပ်ငန်းများတွင် ဇီဝလုံခြုံရေးကို အမြင့်မားဆုံး ဂရုပြုရေး၊ တိရစ္ဆာန်များနှင့်အတူ ယှဉ်တွဲ နေထိုင်ရာတွင် ရောဂါများ ကူးစက်မခံရစေရေးအတွက် လူတိုင်းကျန်းမာရေး အသိအမြင်ဖြင့် ကျင့်သုံးနေထိုင်ကြရေးတို့ကို အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။
မြန်မာ့အလင်း