MDN

သတင်းဆောင်းပါး - ကြယ်စင်ဖေသင်

 

မြန်မာသက္ကရာဇ် ၁၃၈၀ မှ ၁၃၈၁ သို့ကူးပြောင်းတော့မည့်နှစ်သစ်ကူး အတာသင်္ကြန်ကာလ။ သင်္ကြန်အကြတ်နေ့ညနေခင်း။

 

လမ်းလျှောက်ထွက်ပြီးပြန်လာချိန် ဖေ့စ်ဘွတ်အကောင့်ကို ဖွင့်ကြည့်လိုက်ချိန်၌ အင်းလျားကန်ပေါင်ပေါ်တွင် ပုသိမ်ထီးဆောင်းထားသည့် လူအချို့၏ ပုံများနှင့် သတင်းတိုလေးများ တက်နေသည်ကို တွေ့ရသည်။ သတင်း ကောင်းတော့မဟုတ်ပေ။ ရန်ကုန်မြို့၏အထင်ကရလမ်းမကြီးဖြစ်သည့် ပြည်လမ်းမပေါ် ရှိအင်းလျားကန် ပေါင်ပေါ်တွင် လမ်းလျှောက်သင်္ကြန်အတွက် အလှဆင်ထားသော ပုသိမ်ထီးလေးများကိုဖြုတ်ယူ ဖျက်ဆီးခံရ သည့် သတင်းအတိုအစလေးများ ဖြစ်သည်။ စိတ်ဝင်စားမှုဖြစ်သွားသဖြင့် ရန်ကုန်ရှိသူငယ်ချင်းမိတ်ဆွေ သုံး၊ လေးဦးထံ မေးမြန်းကြည့်မိသည်။ ပိုသေချာစေရန် ရန်ကုန်မြို့တော်ဝန်ရုံးကိုလှမ်းမေးကြည့်သောအခါ အခြေအနေက ပိုသေချာသွားသည်။ ထီးအလက် ၆၀ဝ ကျော် အလှဆင်ထားသည့်အနက် အလက် ၄၀ဝ ဖြုတ်ယူခံရသည်။ သို့သော်ထီးအချို့ကို ပြန်လည်ရရှိကာ ထိုနေ့ညမှာပင် ပြန်လည်တပ်ဆင်နေသည်ကို တွေ့ရသည်။ သင်္ကြန်ပွဲတော်မပြီးသေး။ သင်္ကြန်အတက်နေ့ ကျင်းပရန်ရှိသေးသဖြင့် ညတွင်းချင်းပြင်ဆင် နေသည့်သတင်းများပါ ထပ်တက်လာသည်ကို တွေ့ရသည်။

 

အများနှင့်သက်ဆိုင်သည့်နေရာများ၊ အများပြည်သူအတွက် ပြုလုပ်ပေးထားသည့်အရာများ ဖျက်ဆီး ခံရခြင်း သတင်းများကို မကြာခဏ ကြားဖူးနေခဲ့ပြီး ဖြစ်သည်။ သင်္ကြန်မတိုင်ခင်လောက်ကပင် မန္တလေး ကျုံးနံဘေး လမ်းတစ်လျှောက် တပ်ဆင်ထားသည့်စတီးကြိုး အကာအရံများမှာ တပ်ဆင်ပြီး သိပ်မကြာသည့် အချိန် အတွင်းမှာပင် ပျက်စီးနေသည့်အကြောင်း မန္တလေးသတင်းသမား မိတ်ဆွေတစ်ဦးထံမှကြားလိုက်ရသေးသည်။ ယခု ရန်ကုန်အင်းလျား ကန်ပေါင်ပေါ်က ပုသိမ်ထီးများ ဖြုတ်သည့်သတင်းမှာမူအချိန်တိုအတွင်းမှာပင် ဖေ့စ်ဘွတ်သတင်းကွန်ရက်ပေါ်တွင်လည်းကောင်း၊ ထိုမှတစ်ဆင့် အရပ်ထဲသို့လည်းကောင်း အလျင်အမြန် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားသည်။ ရန်ကုန်မြို့၏ အထင်ကရနေရာ၊ လူငယ်လူရွယ်များ သွားရောက်အနားယူ အပန်းဖြေရာနေရာ၊ သင်္ကြန်ပွဲတော်အတွင်း လူများစွာ စည်စည်ကားကားရှိနေရာတွင် လမ်းလျှောက်သင်္ကြန် ပွဲတော်အတွက် အလှဆင်ထား သည့်ကိစ္စဖြစ်ခြင်းကြောင့် ပို၍အုတ်အော်သောင်းတင်း ဖြစ်သွားသည်ဟု ထင်သည်။

 

ပုသိမ်ထီးဖြုတ်ယူသည့်သတင်းနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်သတင်းများမှပင် ဝေဖန်သုံးသပ်ထားမှုများ ကိုဆက်တိုက်ဖတ်ရှုရသည်။ ကဲ့ရဲ့ရှုတ်ချစကားများ၊ ချင့်ချင့်ချိန်ချိန်ဝေဖန်မှုများ၊ အားနည်းချက်များ ထောက်ပြကာ အကြံပြုမှုများ ရှိသကဲ့သို့ စိတ်ခံစားမှုကို ဦးစားပေး၍ ဆိုးဆိုးရွားရွား လွန်လွန်ကဲကဲ အပြစ်တင် ဝေဖန်မှုများကိုလည်း ဖတ်ရသည်။ သို့သော် ထိုသို့ဝေဖန်ပြောဆိုနေသည့် သတင်းတိုလေးများကို ဖတ်ရပြီး နောက် မြန်မာ့လူ့အဖွဲ့အစည်းထဲတွင် အကောင်း၊ အဆိုးကို နားလည်သဘောပေါက်သူတွေ များစွာရှိနေ သေးသည်ဟူ၍ အကောင်းမြင်စိတ်ဖြင့် ယေဘုယျ ကောက်ချက်ချမိသည်။ ဖေ့စ်ဘွတ်ပေါ်တွင် တွေ့မြင်ဖတ်ရှုရသည့် လွန်လွန်ကြူးကြူး ပြစ်တင်ရှုတ်ချမှုများမှာ ပြုမူခဲ့သူများအတွက် နာကျင်ခံခက်ဖြစ်ကာ မကျေမနပ်ဖြစ်နိုင်သော်လည်း အကြောင်းအကျိုး ဆက်စပ်ဝေဖန်မှုများ၊ သုံးသပ်အကြ ပေးမှုများကို ပြုလုပ်ခဲ့သူများ တွေ့မြင်ဖတ်ရှုခဲ့ပါလျှင်၎င်းတို့၏လုပ်ရပ်အပေါ် ပြန်လည်စဉ်းစားစရာဖြစ်စေ၍ နားလည် သဘောပေါက် လက်ခံနိုင်မည် ထင်သည်။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်၊ အကြံပြုချက်များက လည်း သက်ဆိုင်ရာ တာဝန်ရှိသူများအတွက် မြေပြင်ပကတိအခြေအနေကို ချင့်ချိန်မှန်းဆနိုင်သကဲ့သို့ ပြင်ဆင် ဆောင်ရွက်စရာများအတွက် စဉ်းစားစရာများလည်း ရနိုင်သည်။

 

လူငယ်လူရွယ်အချို့ အင်းလျားကန်ပေါင်ပေါ်တွင်သင်္ကြန်အမှတ်တရ အလှဆင် ပုသိမ်ထီးများ ဖြုတ်ယူခဲ့သည့် လုပ်ရပ်မျိုးသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အများနှင့်သက်ဆိုင်သည့်နေရာများ၌ ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေများစွာထဲမှ သာမန်ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။ ထိုအခြေအနေထက် ပိုမိုဆိုးရွားသော ယခင်က မရှိခဲ့ဖူးသော အရှက်တရားမဲ့၊ အကြောက်တရားမရှိ ပြုလုပ်ခဲ့သော ဖြစ်ရပ်များ၊ ရာဇဝတ်မှုများကို လူငယ်လူရွယ်အချို့ကျူးလွန်ခဲ့သည့် သတင်းများလည်း ကြားဖူးကြပေလိမ့်မည်။ ယခုဖြစ်ရပ်သတင်းမှာ ပျံ့နှံ့လွယ်သော ဖေ့စ်ဘွတ်သတင်းများကြောင့် ရုတ်ခြည်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေသော အကျင့်စာရိတ္တဆိုင်ရာ အားနည်းလာမှုအတွက် လတ်တလော မီးမောင်း ထိုးပြစရာ ဥပမာတစ်ခု ထပ်မံဖြစ်ခဲ့ရလေပြီ။

 

ထိုကိစ္စသည် အများစိုးရိမ်နေသည့် အကျင့်စာရိတ္တနှင့်သက်ဆိုင်သည့် အခြေခံကျကျကိစ္စ၊ ကျယ်ကျယ် ပြန့်ပြန့်ပြောရလျှင် ပြည်သူ့နီတိ၊ နိုင်ငံသားကျင့်ဝတ်ဆိုင်ရာ ကိစ္စ၊ ကြီးကြီးကျယ်ကျယ်ပြောရလျှင် အခြေခံပညာ ရေးကဏ္ဍ၊ စည်းကမ်းဥပဒေနှင့်ဆိုင်သည့် ကိစ္စများဖြစ်သည်။ နောက်ဆုံးဆိုရလျှင် နိုင်ငံသားတစ်ဦးချင်းစီ လိုက်နာရမည့် တာဝန်၊ ဝတ္တရားများနှင့်လည်း တိုက်ရိုက်ပတ်သက်နေသည်။ ဒီမိုကရေစီစနစ်ဖြင့် တည်ဆောက် မည့် လူ့အဖွဲ့အစည်းအတွက် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးဖြစ်၏။ တစ်နည်းဆိုသော် လူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးကိုအနာဂတ်တွင် အကြီးအကျယ်ထိခိုက်စေမည့် ယခုပစ္စုပ္ပန်ကာလ အမှိုက်မီးပွားများစွာထဲမှ မီးပွားတစ်စ ဖြစ်နေပေသည်။

 

ထိုကဲ့သို့ မီးပွားစလေးများကို ယခုအချိန်ကတည်းက ငြှိမ်းသတ်နိုင်မှဖြစ်ပေမည်။ သတိကြီးကြီးထားကာ ကြိုတင်ကာကွယ်မှုများ ပြင်ဆင်လုပ်ဆောင်ရပေမည်။ မည်သို့ပြင်ဆင်လုပ်ဆောင်ကြမည်နည်း။ မှတ်သား လိုက်နာစရာ စာအုပ်စာတမ်း၊ သင်ခန်းစာများစွာ ရှိ၏။သို့ရာ တွင် မြန်မာ့လူ့အဖွဲ့အစည်း၏ အစဉ်အလာ၊ ဓလေ့စရိုက်များ၊ သင်ယူလေ့လာသင့်သည့် ပြည်သူ့နီတိ သင်ခန်းစာတို့ကို အသုံးပြုသင့်သည့်နည်းလမ်း ကောင်း အချို့အဖြစ် ညွှန်းဆိုအကြံပြုချင်ပါသည်။

 

မြန်မာ့လူ့အဖွဲ့အစည်းသည် အစဉ်အလာအားဖြင့်ဘာသာတရားအဆုံးအမများကိုလိုက်နာ၍ ဟီရိနှင့်ဩတ္တပ္ပ တရားနှစ်ပါးကိန်းအောင်းကာ နေထိုင်သည့်ဓလေ့စရိုက်ရှိခဲ့ပြီးဖြစ်သည်။ ဟီရိနှင့် ဩတ္တပ္ပ တရားနှစ်ပါး ကို လောကပါလ ကမ္ဘာစောင့်တရားဟူ၍လည်းကောင်း၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်သောကြောင့် “သုက္ကဓမ္မ” ဖြူစင်သော တရားဟုလည်းကောင်း ဖတ်ရှုမှတ်သားခဲ့ရ၏။ ပြည်သူ့နီတိသည်လည်း လူ့တန်ဖိုး ကိုမြှင့်တင်ပေးနိုင်သည့်၊ လူတစ်ဦးစီနှင့် လူ့အဖွဲ့အစည်း၏ ပကတိတန်ဖိုးနှင့် အသုံးဝင်တန်ဖိုးတို့ကို သင်ကြားပြသ ပေးနိုင်သည့် သင်ခန်းစာများဖြစ်၏။ ထိုအဆုံးအမ၊ သင်ခန်းစာများ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက် အားလုံး သိရှိလိုက်နာနိုင်စွမ်းရှိပါက ကောင်းမွန်သည့် လူ့အဖွဲ့ အစည်းတစ်ရပ်ကို အတူတကွတည်ဆောက်နိုင်ကြပေလိမ့်မည်။

 

မကောင်းမှုပြုလုပ်ခြင်းကို ရှက်ခြင်း၊ ကြောက်ခြင်း အသိတရား၊ နှလုံးသားတို့ ပိုမိုပွားများဖြစ်ထွန်းလာစေရန် ဟီရိဩတ္တပ္ပတရား အဆုံးအမတို့ဖြင့် ပြောဆိုဆုံးမလက်ခံစေခြင်းဖြင့်လည်းကောင်း၊ လူ့အဖွဲ့အစည်းအတွင်း အဖိုးတန်လူသားတစ်ယောက် ဖြစ်စေရန် ပြည်သူ့နီတိသင်ခန်းစာတို့ကို မျှဝေလိုက်နာစေခြင်းဖြင့် လည်းကောင်း၊ အခြားတစ်ဖက်တွင်လည်း စည်းကမ်း၊ ဥပဒေတို့ကိုလိုက်နာနိုင်ရေးအတွက် တိတိကျကျ အကောင်အထည်ဖော်၍ သင့်လျော်သော အရေးယူအပြစ်ပေးခြင်းတို့ဖြင့်လည်းကောင်း အဆိုပါ မီးပွား စလေးများ ဆက်လက်ကူးစက်မသွားစေရေး၊ လုံးဝငြိမ်းသွားစေရေးအတွက်အချိန်မဆိုင်းဘဲ အားထုတ် ဆောင်ရွက်ကြဖို့လိုပေသည်။

 

ယနေ့ကာလသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ဒီမိုကရေစီလူ့အသိုက်အဝန်းဆီသို့ ဦးတည်လျှောက်လှမ်း နေသော အချိန်အခါဖြစ်သည်။ ဒီမိုကရေစီလူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ အောင်မြင်စွာရောက်ရှိနိုင်မှုသည် နိုင်ငံသူနိုင်ငံသားအားလုံး၏ အသိပညာ၊ ယဉ်ကျေးမှုအဆင့်အတန်းပေါ်တွင် မူတည်သည်ဟုဆိုပါလျှင် အဆိုပါ ပန်းတိုင်သို့ လျင်လျင်မြန်မြန်ရောက်ရှိစေရေးအတွက်မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းရှိ ပြည်သူပြည်သား အားလုံး အသိပညာနှင့် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားရေးကိုမဖြစ်မနေ အားထုတ်ကြရမည်။ သို့ရာတွင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း၌ အားလုံး အားထုတ်လေ့ကျင့်နေသည့်ဒီမိုကရေစီအပြုအမူများနှင့် မျှော်မှန်းနေ သည့် ဒီမိုကရေစီ လူ့အသိုက်အဝန်းကို ထိခိုက်ပျက်စီးစေနိုင်သည့်မီးပွားစလေးများစွာ ဖြစ်ပွားကျရောက်လျက် ရှိနေသည်။

 

အမှိုက်မီးပွားမှစခဲ့သည့် မီးတောက်ငယ်ကို သတိမပြုမိ၊ အချိန်မီ မငြှိမ်းသတ်နိုင်ခဲ့သော် ကြီးမားသော ပြာသာဒ်ကြီး ပင်လျှင် မီးလောင်ပျက်စီးတတ်သည် မဟုတ်ပါလော။ ဤအချက်ကို နိုင်ငံသားအားလုံး ကောင်းစွာ နားလည်သဘောပေါက်၍ တာဝန်ရှိအဖွဲ့အစည်းများ သည်လည်းကောင်း၊ တာဝန်သိ နိုင်ငံသူ နိုင်ငံသားများ သည်လည်းကောင်း မိမိတို့ဝန်းကျင်တွင် ဖြစ်ပွားနေသော မီးပွားစလေးများကို မှန်ကန်သောနည်းလမ်းဖြင့်ကြိုတင်ငြှိမ်းသတ်နိုင်ပါစေကြောင်း ဆန္ဒမွန်ဖြင့် အကြံပြုတိုက်တွန်းရေးသားအပ်ပေသတည်း။