"သတို့သမီး" ရုပ်ရှင်ဇာတ်ကား ဒီဇင်ဘာ ၂၈ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသ၊ အထူးပွဲတွင် သရုပ်ဆောင်များက အမှတ်တရ လက်မှတ်ရေးထိုး

ရန်ကုန် ၂၉ ဒီဇင်ဘာ 

 

ထားဝယ် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားသည့် "သတို့သမီး" ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းမှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသလျက်ရှိပြီး အထူးပွဲအဖြစ် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့သည်။

 

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သော သရုပ်ဆောင်များနှင့် ဒါရိုက်တာတို့က အထူးပွဲပြသမှုအပြီးတွင် ပရိတ်သတ်များအား အမှတ်တရ လက်မှတ်ရေးထိုးပေးကြသည်။

 

ဒါရိုက်တာဝိုင်းက “ဒီကားလေးက ပရိတ်သတ်အတွက် ကြည့်လို့လည်းကောင်းမယ်။ စိတ်ဝင်စားမှုရှိပြီး ကိုယ်ပေးချင်တဲ့ အကြောင်းအရာလေးတွေလည်း ရှိတဲ့အတွက် ရိုက်ဖြစ်ခဲ့တာပါ။ သရဲကားလို ကြောက်စရာတွေကောင်းပြီး ကြေကွဲစရာတွေ လည်းပါတယ်။ ရသတွေစုံတယ်” ဟုပြောသည်။

 

တာမွေမြို့နယ်မှ မမိုးမိုးက “အလင်းရောင်ရဲ့ Fan အနေနဲ့ လာရောက်ကြည့်ရှု ခွင့်ရတာပါ။ ဦးဝိုင်းက ဇာတ်ကားတွေကို တစ်ကားနဲ့တစ်ကား မတူအောင် ရိုက်ပြထားတဲ့အတွက် ကြည့်လို့ကောင်းတယ်။ ရသတွေလည်းစုံပါတယ်။ ပုံမှန်ကားတွေနဲ့ ကွဲထွက်နေတဲ့ ဇာတ်ကားလေးပါ။ ဒီကားလေးမှာ Messages တွေ ပေးထားတာတွေလည်း ပါတယ်။ သရဲကားဆိုပေမယ့် အိမ်ထောင်ရေး၊ အချစ်ရေးအကြောင်း ပညာပေးတွေလည်း ပါတဲ့အတွက် ကြည့်သင့်ပါတယ်´´ ဟုပြောသည်။

 

အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင် အလင်းရောင်၊ ဖွေးဖွေး၊ မေနှင့် အတူ အခြားသော အနုပညာရှင်များစွာ ပါဝင်ထားပြီး အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ဆိုးကျိုးများနှင့် နောက်ဆက်တွဲ အကြောင်းအရာများကို ပညာပေးရိုက်ကူးထားသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ 

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်