သတ်မှတ်အရေအတွက် ကျော်လွန်တဲ့အထိ  ခရီးသွားလုပ်ငန်း အားကောင်းလာတဲ့ အာဆီယံဒေသတွင်းနိုင်ငံများ

လင်းလက်ကြယ်

 

ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ချ်အို) က ကိုဗစ် - ၁၉ ကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေကနေ ရုပ်သိမ်းကြောင်း ကြေညာလိုက်တာနဲ့တစ်ပြိုင်နက် ကမ္ဘာ့နိုင်ငံ အသီးသီးက အထိနာခဲ့တဲ့စီးပွားရေးကို ပြန်လည်နာလန်ထူအောင် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါတယ်။ အဲ့ဒီလို လုပ်ဆောင်ကြရာမှာ ခရီးသွားလုပ်ငန်းကဏ္ဍလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

 

ကမ္ဘာ့နိုင်ငံတွေအနက် အာဆီယံဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာ၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေမှာဆိုရင် နိုင်ငံအတွင်း ဝင်ရောက်တဲ့ နိုင်ငံခြားခရီးသွားတွေဟာ သတ်မှတ် အရေအတွက်ကို ကျော်လွန်တဲ့အထိ ခရီးသွားလုပ်ငန်းကဏ္ဍ အားကောင်းလာတာ တွေ့ရတယ်။

 

သီရိလင်္ကာ

 

၂၀၂၃ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွား ၁၄၈၇၃၀၃ ဦး သီရိလင်္ကာနိုင်ငံကို ဝင်ရောက်မှုရှိခဲ့တယ်။ အဲ့ဒီအရေအတွက် ဟာ ၂၀၂၂ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုထက် ၁၀၆ ဒသမ ၆ ရာခိုင် နှုန်း မြင့်တက်လာတယ်လို့ သီရိလင်္ကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (အက်စ်အယ်အီဒီအေ) ကထုတ်ပြန်တဲ့ နောက်ဆုံးကိန်းဂဏန်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

 

ဒီဇင်ဘာလမှာ ကမ္ဘာလှည့်ခရီးသွား ၂၁၀၃၅၂ ဦးအထိ ဝင်ရောက်မှုရှိခဲ့ပြီး အိန္ဒိယ၊ ရုရှား၊ ဗြိတိန်၊ ဂျာမနီ၊ ဩစတြေးလျ နိုင်ငံတွေအနက် တရုတ်နိုင်ငံက ဒီဇင်ဘာလရဲ့ အများဆုံးလာရောက် လည်ပတ်တဲ့နိုင်ငံအဖြစ် ရပ်တည်နေတယ်။ ၂၀၂၂ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံအနေနဲ့ တစ်နှစ်ပတ်လုံးမှ ကမ္ဘာလှည့်ခရီးသွား ၇၁၉၉၇၈ ဦးသာရှိခဲ့တယ်လို့ အက်စ်အယ်အီဒီအေ အချက်အလက်မှာ ဖော်ပြထားသည်။

 

ခရီးသွားလုပ်ငန်းကဏ္ဍဟာ သီရိလင်္ကာနိုင်ငံရဲ့ ထိပ်တန်းနိုင်ငံခြားငွေရရှိတဲ့ လုပ်ငန်းတွေထဲမှ တစ်ခုဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ရန်အလို့ငှာ နိုဝင်ဘာလနှောင်းပိုင်းမှာ သီရိလင်္ကာအစိုးရက တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှား၊ ထိုင်း၊ မလေးရှားနဲ့ ဂျပန်နိုင်ငံသားတွေအတွက် ဗီဇာနှုန်းထားကို လျှော့ပေါ့ပေးခဲ့တယ်။

 

နိုင်ငံရဲ့ အထင်ကရ ကြာပန်းမျှော်စင် ဟာဆိုရင်လည်း ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖွင့်လှစ်ပြီးနောက်ပိုင်း ပြည်တွင်းပြည်ပ ခရီးသွား ၁ ဒသမ ၄ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ကိုလံဘို ကြာပန်းမျှော်စင် စီမံခန့်ခွဲရေးကုမ္ပဏီ က ဒီဇင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

 

ဒီဇင်ဘာ ၂၄ ရက် တစ်ရက်တည်းမှာ နိုင်ငံခြားသား ၂၃၇ ဦး အပါအဝင် လူပေါင်း ၇၅၂၂ ဦး ကြာပန်းမျှော်စင်ကို လာရောက်လည်ပတ်ခဲ့တယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစပြီး ကြာပန်းမျှော်စင်ကို ပြည်တွင်းခရီးသွား ၁၄၀၀၄၄၄ ဦးနှင့် နိုင်ငံခြားခရီးသွား ၄၂ ၂၉၇ ဦး လာရောက် လည်ပတ်ခဲ့ကြောင်းလည်း အဆိုပါ ကုမ္ပဏီက ပြောသည်။

 

လာအို

 

လာအိုနိုင်ငံမှာဆိုရင် နိုဝင်ဘာလကနေ ဒီဇင်ဘာလအတွင်း နိုင်ငံခြားခရီး သွားဝင်ရောက်မှု ၄၀၀၀၀၀ ကနေ ၈၀၀၀၀၀ အထိ ရှိတဲ့အတွက် ၂၀၂၃ ခုနှစ် မှာ လာအိုနိုင်ငံကိုဝင်ရောက်တဲ့ နိုင်ငံခြား ခရီးသွားအရေအတွက် စုစုပေါင်းဟာ ၂ ဒသမ ၉ သန်းကနေ ၃ ဒသမ ၃ သန်း အထိ ရှိတယ်လို့ သိရပါတယ်။

 

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးသုံးလဟာ နိုင်ငံခြားခရီးသွားဝင်ရောက်မှု အမြင့်ဆုံးဖြစ်ပြီး ယခင်နှစ်က လာအိုနိုင်ငံကို ဝင်ရောက်မှုထက်ပင် ကျော်လွန်မှုရှိတယ်လို့ ပြန်ကြားရေး၊ ယဉ်ကျေးမှုနဲ့ ခရီးသွား လုပ်ငန်းဝန်ကြီး ဗီနာခက်သ်ရဲ့ပြောကြား ချက်ကို ကိုးကားပြီး လာအိုအမျိုးသား ရုပ်မြင်သံကြားမှာ မကြာသေးခင်က ဖော်ပြထားပါတယ်။

 

၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း လာအိုနိုင်ငံကို ရောက်လာတဲ့ နိုင်ငံခြား ခရီးသွားအရေအတွက် ၂ ဒသမ ၄ သန်း ကျော်ရှိပြီး ယမန်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၂၈၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြချက်အရ သိရပါတယ်။

 

လာအိုအစိုးရအနေနဲ့ ၂၀၂၃ ခုနှစ်ကို နိုင်ငံခြားခရီးသွား ၁ ဒသမ ၄ သန်း ဆွဲဆောင်နိုင်ရေးစီမံချက် အကောင် အထည်ဖော်ဆောင်ရွက်မှုနဲ့အတူ နိုင်ငံ့စီးပွားရေး နာလန်ပြန်ထူလာစေရေး ကြိုးပမ်းအားထုတ်ရာမှာ ခရီးသွားလုပ်ငန်းကဏ္ဍကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

 

လာအို လေကြောင်းလိုင်းတွေကလည်း ဒေသတွင်းနိုင်ငံတွေဆီ တိုက်ရိုက်ပျံသန်းပြေးဆွဲမှု ပြုလုပ်လျက်ရှိပါတယ်။ လာအိုအစိုးရအနေနဲ့ ၂၀၂၄ ခုနှစ်ကို လာအိုခရီးသွားနှစ်အဖြစ် ရည်ရွယ်ထား ပြီး နောက်လာမယ့်နှစ်မှာ ခရီးသွား ၄ ဒသမ ၆ သန်းထက်မနည်း ဆွဲဆောင် နိုင်ရန်လည်း ပစ်မှတ်ထားလုပ်ဆောင် လျက်ရှိပါတယ်။

 

ဖိလစ်ပိုင်

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစပြီး ဖိလစ်ပိုင်နိုင်ငံကို နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ငါးသန်းကျော်အထိ ရှိတယ်လို့ ခရီးသွားလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်အတွက် သတ်မှတ်ထားတဲ့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၄ ဒသမ ၈ သန်းကို ကျော်လွန်လာတာ ဖြစ်ပါတယ်။

 

၎င်းတို့ထံမှ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံ နီးပါးရရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ခရီးသွားလုပ်ငန်း အတွင်းဝန် ဖရက်စ်ကိုက ပြောပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းကနေ အလုပ်အကိုင် အခွင့်အလမ်း ၅ ဒသမ ၃၅ သန်းကျော်ကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံသား အယောက် ၁၀၀ မှာ ၁၁ ယောက်ခန့် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်း တွေမှာ ခန့်အပ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် မှာ နိုင်ငံခြားခရီးသွား ၇ ဒသမ ၇ သန်း ဝင်ရောက်မှုရှိရန် ပစ်မှတ်ထားလုပ်ဆောင် လျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံကို နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု ၂ ဒသမ ၆၅ သန်းသာရှိပြီး အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံနီးပါးသာ ရရှိခဲ့တယ်လို့ ခရီးသွားလုပ်ငန်း ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

mdn

 

ဗီယက်နမ်

 

၂၀၂၃ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံကို နိုင်ငံတကာခရီးသွား ၁၂ ဒသမ ၆ သန်း စံချိန်တင် လာရောက် လည်ပတ်မှုရှိခဲ့ကြောင်း၊ အဆိုပါ နိုင်ငံတကာခရီးသွား ဝင်ရောက်မှု ပမာဏမှာ ၂၀၂၂ ခုနှစ်ကထက် ၃ ဒသမ ၄ ဆ မြင့်တက်လာ ကြောင်း ဗီယက်နမ်အထွေထွေစာရင်း အင်းရုံးက ပြောပါတယ်။

 

အဲဒီနိုင်ငံတကာ ခရီးသွားဝင်ရောက် မှု ပမာဏဟာ သတ်မှတ်ထားတဲ့နိုင်ငံ ခြား ခရီးသွားရှစ်သန်းကို ကျော်လွန်လာခြင်း ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီ ပမာဏဟာ ၂၀၁၉ ခုနှစ် ကပ်ရောဂါအကြို ကာလနှင့် နှိုင်းစာရင် ၇၀ ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့ စာရင်းအင်းရုံးက ဆိုပါတယ်။

 

နိုင်ငံခြားခရီးသွားအများစုမှာ အာရှမှဖြစ်ပြီး အရေအတွက်အားဖြင့် ၉ ဒသမ ၇၈ သန်းရှိကြောင်း၊ ယခင်နှစ်နဲ့ နှိုင်းယှဉ် ပါက ၃ ဒသမ ၈ ဆ မြင့်တက်လာကြောင်း၊ ၎င်းနောက်မှာ ဥရောပက ၁ ဒသမ ၄၆ သန်း နီးပါးရှိပြီး ၂ ဒသမ ၉ ဆ မြင့်တက်လာကြောင်းနဲ့ အမေရိကားက ၉၀၃၈၀၀ ဦးရှိပြီး ၂ ဒသမ ၃ ဆ မြင့်တက်လာလို့ ဆိုပါတယ်။

 

၂၀၂၃ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားတွေအနက် ၁၁ သန်းနီးပါးမှာ လေကြောင်းမှတစ်ဆင့် ရောက်ရှိလာကြ သူတွေဖြစ်ပြီး စုစုပေါင်းရဲ့ ၈၆ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ကာ ယခင်နှစ်ထက် ၃ ဒသမ ၃ ဆ မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁ ဒသမ ၅ သန်းခန့် မှာ ကုန်းလမ်းနဲ့ ရောက်ရှိလာကြသူတွေ ဖြစ်ကာ ၁၂၆၁၀၀ မှာ ပင်လယ်လမ်းကြောင်း တွေမှတစ်ဆင့် ဝင်ရောက်လာကြသူများဖြစ်ပါတယ်။

 

ကိုးကား - ဆင်ဟွာ