လူသားတိုင်း နေ့စဉ် သတင်းစားသုံးကြသည်။ သတင်းတစ်ပုဒ်သည် အကြောင်းအကျိုး၊ အကောင်းအဆိုးများစွာ ပါဝင်နေတတ်သည်။ သတင်းအာဟာရ အကျိုးကျေးဇူးရရှိမှုသည် စားသုံးသူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှု၊ စိတ်ခံစားမှုတို့အပေါ် မူတည်၍ ရရှိခံစားကြရမည်သာ ဖြစ်သည်။
သတင်းဆိုသည်မှာ ကြားသိအပ်သော အဖြစ်အပျက်၊ အကြောင်းအရာများကို ဆိုလိုသည်။ မည်သည့်အကြောင်းအရာ၊ အဖြစ်အပျက်မဆို သတင်းတင်ဆက်သူ၏ တစ်နည်းအားဖြင့် သတင်း ဖြန့်ဝေသူ၏ အာဘော် လိုလားချက်များ ရောပြွမ်းနေတတ်သည်ကို သတိပြုအပ်သည်။ သတင်းတစ်ပုဒ်ကို တင်ဆက်သူများက ဘက်ပေါင်းစုံမှ လိုရာပုံဖော်တတ်ကြသည်။
သတင်းစစ်ပွဲဖြင့် နေ့စဉ်တိုက်ခိုက်
ယနေ့ခေတ်သစ်စစ်ပွဲများတွင် အချိန်နှင့်အမျှ ဆင်နွှဲနေကြသည့် သတင်းစစ်ပွဲများကို စနစ်တကျ ပုံဖော်နေကြသည်။ အားကောင်းသော မီဒီယာကြီးများက ဦးတည်အုပ်စုများကို သတင်းစစ်ပွဲဖြင့် နေ့စဉ် တိုက်ခိုက်နေကြသည်။ သတင်းလက်ဦးမှုရယူခြင်း၊ ဝါဒဖြန့်သတင်းများ ဖြန့်ဝေခြင်း၊ သပ်လျှိုသွေးခွဲ ခြင်း၊ အမှန်နှင့် အမှားရောပြွမ်း၍ လိုရာပုံဖော်ခြင်း၊ အမှားကြာအမှန်ဖြစ်အောင် မှိုင်းတိုက်ခြင်း၊ ကောင်း သောလုပ်ဆောင်ချက်များကို မှေးမှိန်အောင်ပြု၍ မကောင်းသည့်လုပ်ရပ်များကို ပုံကြီးချဲ့ထိုးနှက်ခြင်း စသည်တို့ကို ပံ့ပိုးထောက်ပံ့သူများ၏ အလိုကျ မီဒီယာကြီးများက ပုံဖော်၍ သတင်းတင်ဆက်နေကြသည်။
မီဒီယာပလက်ဖောင်းမှာ အများနှင့်တန်းတူ မလျှောက်နိုင်သော အဖွဲ့အစည်းများ၊ တည်ဆဲ အစိုးရများသည် ယင်းတို့ကို မလိုလားသူများ၏ မီဒီယာအားကို မလွန်ဆန်နိုင်ဘဲ နောက်ကောက်ကျနေမည်သာ ဖြစ်သည်။ သတင်းမှန်ထုတ်ပြန်ရေး စိစစ်နေချိန်တွင် အမှားသတင်းက ကမ္ဘာကြီးကို တစ်ပတ်ပတ်ပြီးတာနှင့် ကြုံတွေ့နေရမည်မှာ သေချာပါသည်။ နောက်ကလိုက်ပြီး ပန်းဝင်တာ အတူတူ ဖြစ်ချင်၍ မရနိုင်တာကို လက်ခံကြရမည်။ သို့သော်လည်း သတင်းအမှန်ကိုသာ စားသုံးလိုကြသူများ၏ အားကို မဖြစ်မနေယူရန် လိုအပ်၍ နည်းမျိုးစုံဖြင့် စွမ်းဆောင်ကြရမည်ဖြစ်သည်။
သတင်းအဆိပ်သင့်မှု
သတင်းစားသုံးသူများတွင် ပူးကပ်နေသော ပယောဂများကို ကုစားရန်လိုအပ်ပါသည်။ အတန်းပညာ တတ်မြောက်တိုင်း အမှန်၊ အမှားခွဲခြားနိုင်မည် မဟုတ်ပါ။ အတန်းပညာမြင့်မားသူတိုင်း ဉာဏ် ပညာမြင့်မားကြသည်လည်း မဟုတ်ပါ။ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိခြင်းသည် ဉာဏ်ပညာ မြင့်မားခြင်းပင် ဖြစ်သည်။ အစွဲအလမ်း ကင်းကင်းဖြင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော လူ့ပတ်ဝန်းကျင် တစ်ရပ်ပေါ်ထွန်းလာလေ သတင်းအဆိပ်သင့်မှု ကင်းဝေးလေဖြစ်မည်ဟု ဆိုချင်ပါသည်။
ဒီမိုကရေစီခေါင်းစဉ်အောက်တွင် ငါနှင့်မတူ ငါ့ရန်သူဆိုသည့် လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခြင်းသည် ဒီမိုကရေစီစနစ်နှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီရလျှင် လွတ်လပ်ခွင့်ရမည်၊ အလုံးစုံတိုးတက်မည်၊ လူမှုဘဝမြင့်မားမည်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာအခွင့်အလမ်းများ အလိုအလျောက် ရရှိမည်ဆိုသည့် မစားရဝခမန်း မက်လုံးများ ပုံအောပြီး မီဒီယာအားဖြင့် ပြည်သူများကို ယုံကြည်စိတ်ဝင်အောင် သတင်းအဆိပ် ခတ်ထားကြသည်။
ငါနှင့်မတူ ငါ့ရန်သူအယူအဆ
အဆိပ်မိနေသော ပြည်သူများကို ထပ်မံ၍ ဒီမိုကရေစီစနစ်ကို ပျက်သုဉ်းအောင်၊ ဖော်ဆောင်ခွင့် မရအောင် နည်းလမ်းမျိုးစုံဖြင့် အဟန့်အတားပြုနေသော အာဏာရှင်စနစ်ကို တွန်းလှန်ကြရမည်ဆိုပြီး ထပ်မံမှိုင်းတိုက်ထားကြသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်၏ အနှစ်သာရစစ်စစ်ဖြစ်သော အယူအဆ၊ အတွေးအခေါ်မတူညီသူများအားလုံး စုပေါင်းအဖြေရှာရမည့် သာတူညီမျှ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို ဖော်ဆောင်နိုင်ခြင်း မရှိတော့ဘဲ ဘက်ပေါင်းစုံကွဲကာ ငါနှင့်မတူ ငါ့ရန်သူ အယူအဆများ အားကြီးကာ ဒီမိုကရေစီဟု ကြွေးကြော်ကြသူများသည် ဘက်မတူသူ၊ ယုံကြည်ချက်၊ ခံယူချက် မတူသူများကို ရန်ပြုတိုက်ခိုက်သည်အထိ အခြေဆိုက်ခဲ့ကြသည်။
မိဘ၊ ဆရာသမား၊ ရဟန်းသံဃာများပါ မကျန် ရန်ပြုရဲ၊ တိုက်ရဲ၊ သတ်ရဲသည်အထိ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ဖြစ်မှန်းမသိ ဖြစ်နေကြရသည်။
ပြည်သူအချင်းချင်း သွေးကွဲနေသရွေ့
တိုင်းပြည်တစ်ခုတည်ထောင်ရာတွင် ပြည်သူအားဖြင့်သာ တည်ထောင်ကြရခြင်း ဖြစ်သည်။ ပြည်သူအချင်းချင်း သွေးကွဲနေသရွေ့၊ ရန်ပြုနေသရွေ့ မည်သည့်တိုင်းပြည်မှ ထူထောင်နိုင်မည် မဟုတ်ပါ။ အလုံးစုံ ပျက်သုဉ်းမည်သာ ဖြစ်သည်။ အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ပေးနေသည့် မီဒီယာအားက ကြီးမားနေသည်ကို ပြည်သူများ ကြီးစွာ သတိထား ဆင်ခြင်ကြရပေမည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်အရှိဆုံးမှာ ထို နိုင်ငံရှိ ပြည်သူများပင် ဖြစ်သည်။ ပြည်သူများ၏ လုပ်ဆောင်ချက်များ ကောင်းခြင်း၊ ဆိုးခြင်းတို့သည် တိုင်းပြည်အပေါ် တိုက်ရိုက်သက်ရောက်နေမည်ဖြစ်သည်။
ယုံကြည်ချက်အပေါ် အခြေခံ၍ ခံယူချက်များ ကွဲပြားတတ်ကြသည်။ ခံယူချက်မတူလျှင် လုပ်ဆောင်ချက်များ တူညီရန်မဖြစ်နိုင်တော့သဖြင့် စည်းလုံး ညီညွတ်ရေး ပျက်ပြားစေမည် ဖြစ်သည်။ ယုံကြည် ချက်ဆိုသည်မှာ အသိ၊ အမြင်၊ အကြား လွှမ်းမိုးမှုအပေါ် မူတည်၍ ဖြစ်တည်လာတတ်သည်။ သိသမျှ၊ မြင်သမျှ၊ ကြားသမျှကို အမှန်နှင့် အမှားခွဲခြားနိုင် စွမ်းရှိမှသာ တစ်ဖက်သတ် လွှမ်းမိုးခံရခြင်း ဘေးဆိုးမှ ကင်းလွတ်နိုင်ကြမည် ဖြစ်သည်။
ပြည်ဖျက်မီဒီယာများ၏ ဝါဒမှိုင်း
ယနေ့ခေတ် ဆိုရှယ်မီဒီယာ အားကောင်းမှုကို ထိရောက်စွာ အသုံးချ၍ နည်းပညာအား၊ ငွေအား ပုံအောကာ လိုရာပုံဖော်ကြသော ပြည်ဖျက်မီဒီယာများ၏ ဝါဒမှိုင်းအောက် ရောက်နေကြရသူများစွာ ရှိသည်။ နိုင်ငံကြီးများသည် သူတို့၏ အကျိုးစီးပွားကို ဦးတည်၍ ခေတ်သစ်ကျွန်ပြုရန် မီဒီယာလုပ်ငန်း အပါအဝင် ဘက်ပေါင်းစုံဖြင့် ဆောင်ရွက်နေကြ သည်။ သူတို့၏အလိုကျ လိုက်လျောဆက်ဆံခြင်း မပြုသော နိုင်ငံငယ်များကို နည်းမျိုးစုံဖြင့် ဖိအားပေးခြင်း၊ စီးပွားရေးပိတ်ဆို့ခြင်း၊ ဆန့်ကျင်ဘက်အဖွဲ့ အစည်းများကို နောက်ကွယ်မှ ကူညီထောက်ပံ့ခြင်းတို့ကို ခေါင်းစဉ်မျိုးစုံပြကာ လိုသလို ပုံဖော်ကြသည်။
အကျိုးလို၍ ညောင်ရေလောင်းနေကြခြင်းဖြစ်သည်ကို ခွဲခြားသိမြင်နိုင်မှသာ တော်ကာကျမည် ဖြစ်သည်။ ခေတ်သစ်ကျွန်ပြုခြင်းတွင် သိသာထင်ရှားသော ဖြစ်စဉ်များအနက် အင်အားကြီးနိုင်ငံကြီးများသည် သူတို့လိုရာကြိုးဆွဲ၍ရသော အစိုးရတစ်ရပ်ကို နိုင်ငံငယ်များတွင် တင်မြှောက်ထားနိုင်ရန် ပုံဖော်ကြသည်။ သူတို့နှင့်သဟဇာတမဖြစ်သော အစိုးရပြုတ်ကျရေး ဆောင်ရွက်ကြသည်။
ကမ္ဘာ့နိုင်ငံများအားလုံးသည် ပညာရေးကို ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးအတွက် ဦးတည်ကြိုးပမ်း နေကြသည်။ Education for All ဆိုသည်နှင့် အညီ နိုင်ငံသားအားလုံး ပညာသင်ကြားခွင့်ရရှိရေး၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံး မှုများမဖြစ်ပေါ်စေရေးအတွက် ဆိုင်ရာအစိုးရများက အလေးထားဆောင်ရွက်နေကြသည်။
နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးနေ
ပညာရေးကို အားမပေးခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်း၊ အေးချမ်းစွာပညာသင်ယူခွင့် မရရှိစေရန် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မတရားသဖြင့် တရားမဝင်ကြေညာချက်များ ထုတ်ပြန်ခြင်း၊ လှုံ့ဆော်ခြင်း၊ ပညာရေးကို လိုလားသော မိဘပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများကို စာနာမှုကင်းမဲ့စွာအပြစ်တင်ခြင်း၊ အပြစ်ဖို့ခြင်းတို့ ဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အားလုံးသည် ပညာသင်ကြားနေသော ကလေးငယ်များ၏ ဘဝကို စတေးကာ နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးနေသော အင်မတန် အောက်တန်းကျသည့် စက်ဆုတ်ရွံရှာဖွယ် လုပ်ရပ်များကို မရိုးမဖြောင့်သော အကြံအစည်ဖြင့် လုပ်ဆောင်နေကြသူများသာ ဖြစ်သည်ကို ကြီးစွာသတိချပ်သင့်ပေသည်။
နိုင်ငံတကာရှိ အဆင့်မြင့်တက္ကသိုလ်ကြီးများအားလုံးက ယခုနှစ်အပါအဝင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအနက်မှ အကျိုးအကြောင်းသင့်၍ ယင်းတက္ကသိုလ်ကြီးများတွင် ဆက်လက် ပညာသင်ကြားလိုသူများကို သတ်မှတ်အရည်အချင်း ကိုက်ညီလျှင် လက်ခံသင်ကြားပေးကြမည်သာ ဖြစ် သည်။ မည်သည့်နိုင်ငံကမျှ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို လက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ထားရှိမှု တစ်စုံတစ်ရာမရှိသည်ကို ထောက်ရှုခြင်းအားဖြင့် နိုင်ငံတကာကလည်း Education for All ကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိသာထင်ရှားလှပါသည်။
ပညာရေးကို အားပေးနေသည့် အစိုးရတစ်ရပ်ကို မလိုလားသူများက ယင်းအစိုးရ၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုကာ ယင်းအစိုးရကာလ ပညာမသင်ကြားနိုင်ရေး အဖျက် အမှောင့်လုပ်ရပ်များ ဆောင်ရွက်နေကြခြင်းသည် တိုင်းပြည်၏ အနာဂတ်ကို ချိုးဖျက်နေကြသည့် လူအသိုင်းအဝိုင်းတွင် မရှိသင့် မရှိထိုက်သော စိတ်ဓာတ်အောက်တန်းကျသူများသာ ဖြစ်သည်။
အဆိပ်ခတ်ထားသောသတင်းများ
နေ့စဉ်သတင်းများ တင်ဆက်ထုတ်လွှင့်ဖြန့်ချိနေသော သတင်းဌာနအများစု၏ သတင်းများအားလုံးသည် သတင်းအမှန်များချည်းသာ မဟုတ်ဘဲ လိုရာဆွဲပုံဖော်ခြင်း၊ အမှန်နှင့် အမှား ရောထွေးပြီး ဝေဝါးစေခြင်း၊ နစ်နာစေလိုသည့်အုပ်စုကို ဦးတည်တိုက်ခိုက်ခြင်း၊ အမှန်တရားကို မျက်ကွယ်ပြုကာ အကျိုးစီးပွားရှာဖွေခြင်း၊ သတင်းလက်ဦးမှုနှင့် သတင်းလွှမ်းမိုးမှု တည်ဆောက်ကာ တရားမျှတမှုမရှိသော သတင်းများဖြင့် တစ်ဖက်သတ်ဝါဒ ဖြန့်ချိခြင်း စသည်ဖြင့် အဆိပ်ခတ်ထားသော သတင်းများဖန်တီး၍ အတ္တအကျိုးစီးပွားဗဟိုပြုကာ တင်ဆက်လျက်ရှိကြသည်ကို အသိ၊ သတိရှိစွာဖြင့် အမှန်၊ အမှား ခွဲခြားကာ ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိမှသာ တစ်နည်းအားဖြင့် ဝမ်းစာပြည့်ဝမှသာ သတင်းအဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
နေ့စဉ်ဘဝမှာ စားသုံးနေကြရသည့် သတင်းများကို အမှား၊ အမှန်၊ အဖြူအမည်း၊ မိတ်ဆွေ၊ ရန်သူ ခွဲခြားသုံးသပ်နိုင်မှသာ အဆိပ်သင့်သတင်းများ ဘေးမှကင်းဝေးကာ အမြင်မှား၊ အတွေးမှား၊ ခံယူချက်အမှားများ ကင်းစင်သည့် သန့်ရှင်းသောလူမှု အသိုင်းအဝိုင်းတစ်ရပ်ဖြစ်ပေါ်လာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက် နိုင်မည်ဖြစ်ပါသည်။
သတင်းစားသုံးသူများ သတင်းအဆိပ်သင့်ခြင်း အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း တိုက်တွန်း ရေးသားအပ်ပါသည်။ ။
မောင်မောင်ဟိန်း(အင်းတိုင်)