mdn

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်  နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 

သုံးသပ်ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဇော်ဝင်း၊ ဦးအောင်စိန်နှင့် ဦးစိုင်းထွန်းအေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များဖြစ်ကြသည့် ဦးမျိုးဝင်း၊ ဦးစိုးသိန်းနှင့် ဦးစိုးမိုး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နေပြည်တော်ကောင်စီ၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ရုံး၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ရုံးတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန် ရှိသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့ဆွေးနွေးပွဲသည် သတင်းအချက် အလက်ရ ပိုင်ခွင့်ဥပဒေ(မူကြမ်း)နှင့်ပတ်သက်သော အကြံပြုချက်များကို ပြန်လည်သုံးသပ်ဆွေးနွေးရန် ဖြစ်ပါကြောင်း၊ ယခုသုံးသပ်ဆွေးနွေးပွဲပြီးပါက မူကြမ်းတွင် ထပ်မံပြင်ဆင်ပြီးသည့်အခါ ကျန်ရှိသည့် ပြင်ပမှ သတင်းအချက် အလက်ရပိုင်ခွင့်ဥပဒေနှင့် ပတ်သက်သည့် အခြားအဖွဲ့အစည်းများနှင့် ထပ်မံ ဆွေးနွေးရန်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများနှင့်ဆွေးနွေးပွဲ ဆောင်ရွက် မည့်အစီအမံများ၊ သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေ (မူကြမ်း) အပေါ် မဏ္ဍိုင်ကြီးသုံးရပ်ရှိ အဖွဲ့အစည်းများမှ ပေးပို့ထားသော သုံးသပ်ချက်နှင့် အကြံပြုချက်များမှ ကောက်နုတ်ချက်များကိုရှင်းလင်း တင်ပြသည်။

 

ယင်းနောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ဒေါ်သီတာတင်က သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများ၏ အကြံပြုချက်များကိုတင်ပြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အခန်း အလိုက်၊ ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထည့်သွင်းပြဋ္ဌာန်းရန်  လိုအပ်သည့်အချက်များနှင့်ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေးအကြံပြု ကြသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဆွေးနွေးပွဲရလဒ်များနှင့် သဘောတူညီချက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက်ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

 

သတင်းစဉ်