မကွေး ၂၆ ဇန်နဝါရီ
မြန်မာနိုင်ငံတွင် ပြည်သူများအကျိုးစီးပွားအတွက် မူကြမ်းရေးဆွဲထားသော သတင်းအချက်အလက်ရရှိပိုင်ခွင့် Right to Information(RTI) ဥပဒေပေါ်ပေါက်လာပါက ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅၀ ၌ မြန်မာနိုင်ငံက ရပ်တည်နိုင်မည်ဖြစ်ကြောင်း Centre of Law and Democracy(CLD) အဖွဲ့မှ သိရသည်။
၂၀၁၇ ခုနှစ်ဒီဇင်ဘာကတည်းက RTI ဥပဒေမူကြမ်းကို မြန်မာနိုင်ငံ ပြည်သူများအတွက် ပြုစုထားပြီးဖြစ်ကြောင်း၊ လက်ရှိဥပဒေမူကြမ်းကို CLD မှ အမှတ်ပေးအကဲဖြတ်သည့်အခါ မြန်မာနိုင်ငံ၏ ရမှတ်မှာ ၉၄ မှတ်ဖြစ်ပြီး ကမ္ဘာနိုင်ငံများကြား အဆင့်သတ်မှတ်ချက် ၅၀ ဖြစ်ကြောင်း CLD အဖွဲ့ မှတ်တမ်းများအရ သိရသည်။
“ မြန်မာနိုင်ငံမှာတော့ RTI Law က မပြဋ္ဌာန်းရသေးဘူး။ ပြုစုတဲ့ အနေအထားပဲ ရှိပါသေးတယ်။ တစ်ချို့နိုင်ငံ တွေ မှာတော့ RTI Law ပြဋ္ဌာန်းထားတာတွေရှိတယ်။ ပြဌာန်းထားတာထက်ပိုပြီး အကောင်အထည်ပေါ် ကောင်းမွန်နေတာတွေ လည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာပြုစုထားတဲ့ RTI ဥပဒေကြမ်းကို ဖတ်ကြည့်ရတဲ့အနေအထားအရ ကောင်းမွန်တာကို တွေ့ရပါတယ်။ တချို့အချက်အလက်လေးတွေတော့ ဖြည့်စွက်စရာရှိသေးတယ်။ လက်ရှိအခြေအနေမှာတော့ လွှတ်တော်ကို ဒီဥပဒေ တင်ပြဖို့ လိုနေသေးတယ် ” ဟု Centre of Law and Democracy(CLD) အဖွဲ့၏ Executive Director ဖြစ်သူ Mr.Toby Mendel က ပြောသည်။
အာဆီယံနိုင်ငံများတွင် RTI Law ရှိသည်မှာ ထိုင်း၊ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှား စသည့်နိုင်ငံ(၃)ခုတွင်သာ ရှိသေးပြီး မြန်မာနိုင်ငံတွင်ပြဋ္ဌာန်းလာခဲ့ပါက အာဆီယံအဆင့်တွင် ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏အထက်၊ အင်ဒိုနီးရှား၏ အောက်တွင်ရှိသည်ဟု သတ်မှတ်နိုင်ကြောင်း၊ တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါကလည်း အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်နိုင်ငံများ၏ အထက်တွင် မြန်မာနိုင်ငံက ရပ်တည်နိုင်သည်ဟု Mr.Toby Mendel က ဆိုသည်။
“ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေနဲ့ပတ်သက်ရင် Right to Information သတင်း အချက်အလက်ရရှိပိုင်ခွင့်က အရမ်းအရေးကြီးပါတယ်။ ဒီလိုရမှသာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ တစ်တပ်တစ်အားနဲ့ ပြည်သူကလည်း ပါဝင်လာနိုင်မယ်။ နောက်ပြီးတော့ ပြည်သူလိုချင်တဲ့ပန်းတိုင်ကိုလည်း ရောက်မှာဖြစ်ပါတယ် ” ဟု Mr.Toby Mendel က သုံးသပ်ပြောကြားသည်။
သတင်းအချက်အလက်ရပိုင်ခွင့်ကို လူ့အခွင့်အရေးတစ်ရပ်အဖြစ် နိုင်ငံတကာမှ သတ်မှတ်လက်ခံထားပြီး ဒီမိုကရေစီစနစ်နှင့် အစိုးရ၏တာဝန်ခံမှုဆိုင်ရာ အရးကြီးကိစ္စတစ်ခုဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံပေါင်း (၁၁၅) နိုင်ငံတွင် သတင်းအချက်အလက်ရရှိပိုင်ခွင့် ဥပဒေများကို ပြဋ္ဌာန်းထားကြောင်း Centre of Law and Democracy(CLD) အဖွဲ့မှ သိရသည်။
ဇေယျတု(မကွေး)