၁၆ သြဂုတ်
သတင်းအတု/ အယောင်များ၊ သတင်းမှားများနှင့် သတင်းခိုးကူးနေသည့် အွန်လိုင်းဝက်(ဘ်)ဆိုက်များ၊ ဆိုရှယ်မီဒီယာ ပေ့ချ်များအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သြဂုတ်လ ၁၅ ရက် ရက်စွဲဖြင့် ဒုတိယအကြိမ် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ် (၇/ ၂၀၁၉) အရ သတင်းခိုးကူးမှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပါရှိသည်။
၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သော “မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ”တွင် သဘောတူညီချက် (၁၃) ချက်မှ အမှတ်စဉ် (၁၀) တွင် “သတင်းအတု/အယောင်များ၊ သတင်းမှားများ ရေးသားဖြန့်ဖြူးနေမှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖော်ထုတ်ပြီး ပြည်သူလူထုသို့ အသိပေးဖြန့်ဝေသွားရန်” ဟု ပါရှိသည်။
၂၀၁၉ ခုနှစ်၊ မေလ (၂၇) ရက် နေ့ကလည်း သတင်းအတု/အယောင်များ၊ သတင်းမှားများနှင့် သတင်းခိုးကူးနေသည့် အွန်လိုင်း ဝက်(ဘ်)ဆိုက်များ၊ ဆိုရှယ်မီဒီယာပေ့ချ်များအား ကြေညာပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အဘက်ဘက်မှ စိစစ်ပြီးနောက် သတင်းခိုးယူနေသည့် ဝက်(ဘ်)ဆိုက်နှင့် ဆိုရှယ်မီဒီယာပေ့ချ်များ၏ အမည်စာရင်းအား ဒုတိယအကြိမ် ကြေညာလိုက်သည်ဟု ပါရှိသည်။ ထပ်မံရရှိမည့် သတင်းခိုးကူးသည့် အွန်လိုင်း ဝက်(ဘ်)ဆိုက်နှင့် ဆိုရှယ်မီဒီယာပေ့ချ်များကိုလည်း ဆက်လက်ကြေညာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ထားကြောင်း သိရသည်။
MDN
Credit, Mm.presscouncil

















