နေပြည်တော် ၂၇ မေ
သတင်းအတု/အယောင်များ၊ သတင်းမှားများနှင့် သတင်းခိုးကူးနေသည့် အွန်လိုင်းဝက်(ဘ်)ဆိုက်များ၊ ဆိုရှယ်မီဒီယာပေ့ချ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ မေလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ် (၇/ ၂၀၁၉) အရ သတင်းခိုးကူးမှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်ဟု ပါရှိသည်။
၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သော “မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ”တွင် သဘောတူညီချက် (၁၃) ချက် ရရှိခဲ့ကြောင်းလည်း ပါရှိသည်။
အဆိုပါသဘောတူညီချက် (၁၃) ချက်အနက်၊ အချက်အမှတ် (၁၀) ပါ “သတင်းအတု/အယောင်များ၊ သတင်းမှားများ ရေးသားဖြန့်ဖြူးနေမှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖော်ထုတ်ပြီး ပြည်သူလူထုသို့ အသိပေးဖြန့်ဝေသွားရန်” ဆိုသောအချက် ပါဝင်ပါသည်။
အထက်ပါအချက်များကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် “သတင်းခိုးယူမှု စောင့်ကြည့်ရေး အဖွဲ့” က ပေးပို့လာသည့် သတင်းခိုးယူနေသည့် ဝက်(ဘ်)ဆိုက်များ၊ ဆိုရှယ်မီဒီယာပေ့ချ်များကို စိစစ်ပြီး မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ/ မရှိ ကိုလည်း စိစစ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အဘက်ဘက်မှ စိစစ်ပြီးနောက် အွန်လိုင်းမီဒီယာများတွင် သတင်းခိုးယူနေသည့် ဝက်(ဘ်)ဆိုက် နှင့် ဆိုရှယ်မီဒီယာပေ့ချ်များ၏ အမည်စာရင်းများကို အောက်ပါအတိုင်း ကြေညာထားသည်။
ထပ်မံရရှိမည့် သတင်းခိုးကူးသည့် အွန်လိုင်းဝက်(ဘ်)ဆိုက်နှင့် ဆိုရှယ်မီဒီယာပေ့ချ်များကိုလည်း ဆက်လက်ကြေညာ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ထားသည်။
MDN
သတင်းအတု/ အယောင်များ၊ သတင်းမှားများ နှင့် သတင်းခိုးကူးနေသည့် အွန်လိုင်းဝက်(ဘ်)ဆိုဒ်များ၊ ဆိုရှယ်မီဒီယာ ပေ့ချ်များစာရင်း