နေပြည်တော် ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော ညောင်တုန်း-သာပေါင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တစ်လျှောက်ရှိ Valve Station နှင့် မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း၏ အမှတ်(၅) ဓာတ်မြေ ဩဇာစက်ရုံ (ကန်ကြီးထောင့်) ၏ နှစ်ပတ်လည်အကြီးစား ပြုပြင်နေမှုကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် တာဝန်ရှိသူများသည် ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ညောင်တုန်း-သာပေါင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိ Valve Station ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား သစ်သီးခြင်းနှင့် အင်အားဖြည့် အစားအစာများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သတင်းစာစက္ကူ စက်ရုံ(သာပေါင်း)ရှိ  သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်း(သာပေါင်း)သို့ရောက်ရှိကြရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော ညောင်တုန်း-သာပေါင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သတင်းစာစက္ကူစက်ရုံ(သာပေါင်း)သို့ ဓာတ်ငွေ့ဖြန့်ဖြူးပေးနေမှု၊ မိုးမကျမီ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူး ပေးနိုင်ရေးအတွက် အချိန်မီဆောင်ရွက်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ပြန်လည်လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်းရရှိနိုင်မှုအခြေအနေကို အကြံပြုဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အစားထိုးပြုပြင်ခဲ့သော ပိုက်လိုင်းများအား စနစ် တကျဆောင်ရွက်ခဲ့မှု အခြေအနေ၊ ပျက်စီးခဲ့သော လယ်ယာမြေများအား မူလအခြေအနေအတိုင်း ဖြစ်အောင် ပြန်လည်ဆောင်ရွက်ပေးရေး၊ ပိုက်လိုင်းအမှတ်သားပြတိုင်များ စိုက်ထူရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဝန်ထမ်းများအား သစ်သီးခြင်းနှင့် အင်အားဖြည့်အစားအစာများ ပေးအပ်ပြီး သတင်းစာ စက္ကူစက်ရုံ (သာပေါင်း) အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယခုအခါ ညောင်တုန်း - သာပေါင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ၂၀၂၃ ခုနှစ် ဇွန် ၉  ရက်နေ့စ၍ သတင်းစာစက္ကူစက်ရုံ(သာပေါင်း)သို့ သဘာဝ ဓာတ်ငွေ့များ စမ်းသပ်ပို့လွှတ်ဖြန့်ဖြူးပေးနေပြီဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)သို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဓာတ်မြေဩဇာများ ပိုမိုထွက်ရှိလာပါက တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်လာနိုင်မည် ဖြစ်သည့်အတွက် တောင်သူများအတွက် ပိုမို အကျိုး ဖြစ်ထွန်းလာစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး အလေး ထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က စက်ရုံဝန်ထမ်းများအား သစ်သီးခြင်းနှင့် အင်အားဖြည့်အစားအစာများ ပေးအပ်ကာ စက်ရုံ အတွင်းရှိ စက်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်