သတင်းစာတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို စမ်းသပ်လာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ

ကလျာမိုးမြင့်

လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ကမ္ဘာ့နိုင်ငံတွေ အများအပြားမှာရင်ဆိုင်ရတဲ့ အခြေအနေတွေနဲ့ အပြောင်းအလဲ တွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး စောင်ရေမကျအောင် ဆက်လက်ထုတ်ဝေနိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့နေ့စဉ် သတင်းစာ တွေဟာ ယခုလက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဖိစီးနှိပ်စက်မှုကြောင့် အရှုံးပေါ်မှုတွေနဲ့အတူ အနေအထား ပျက်ယွင်းလာနေပြီ ဖြစ်ပါတယ်။

 

ကမ္ဘာတစ်ဝန်းက သတင်းစာတွေစောင်ရေကျ

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုက တချို့သတင်းစာလုပ်ငန်းတွေကို လုံးဝပြိုလဲသွားစေခဲ့သလို နာမည်ရှိ ထားပြီးသားဖြစ်တဲ့ တချို့သတင်းစာတွေကိုပါ စီးပွားရေးအရ အတော်လေး အထိနာစေခဲ့ပါတယ်။ မကြာသေးခင် နှစ်များအတွင်းမှာ ထွက်ပေါ်လာတဲ့ ဒစ်ဂျစ်တယ် သတင်းမီဒီယာကြောင့် ကမ္ဘာတစ်ဝန်းက သတင်းစာတွေ စောင်ရေကျပြီး ရောင်းအားကျဆင်းမှုကို ရင်ဆိုင်လာရချိန်မှာ လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာတော့ သတင်းစာတွေဟာ နိုင်ငံရဲ့ အဓိကထောက်တိုင်သဖွယ် ဆက်လက်တည်ရှိနေနိုင်တုန်းပါပဲ။


ရပ်တည်နိုင်စွမ်းထိခိုက်
သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကို မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်စေဖို့ အစိုးရက တစ်နိုင်ငံ လုံးအဝင်အထွက် ကန့်သတ်ပိတ်ဆို့မှု (လော့ခ်ဒေါင်း) ချလိုက်တဲ့အခါမှာတော့ အိန္ဒိယသတင်းစာတွေရဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို ထိခိုက်လာပါတော့တယ်။


ကန့်သတ်ပိတ်ဆို့မှုပြုလုပ်လိုက်တဲ့ မတ်လအတွင်း အိန္ဒိယနေ့စဉ်သတင်းစာ ၂၅ ခုဟာ ပုံနှိပ်ထုတ်ဝေနိုင်ခြင်း မရှိတော့ပါဘူး။ သတင်းစာပို့တဲ့ ကောင်လေးတွေကို ဗိုင်းရပ်စ်သယ်ဆောင်လာတဲ့သူတွေပဲဆိုပြီး အိမ်ရှင် တွေရဲ့ ရန်လုပ်ခြင်းကို ခံခဲ့ရသလို သတင်းစာအတွက်မရှိမဖြစ်တဲ့ ကြော်ငြာထည့်သွင်းသူတွေကလည်း ဝေးဝေးပြေး ကုန်ကြပါတယ်။


အရောင်းကျဆင်း
ကျွမ်းကျင်သူတချို့ရဲ့ ခန့်မှန်းဖော်ပြချက်တွေအရ အိန္ဒိယနိုင်ငံတစ်ဝန်းမှာ တစ်နေ့ကို သတင်းစာစောင် ရေပေါင်း သန်း ၅၀ ကျော်အထိ ပုံမှန်ရောင်းချ ခဲ့ရမှုဟာ အခုဆိုရင် သုံးပုံနှစ်ပုံလောက်အထိ အရောင်းကျဆင်း သွားခဲ့တယ်လို့ သိရပါတယ်။ သတင်းသမားတွေရာနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်ခဲ့တာတွေ၊ လုပ်အားခလျှော့ချခံရတာ တွေ တွေ့ခဲ့ရပြီး မွမ်ဘိုင်းမြို့မှာဆိုရင် ပရဟိတအဖွဲ့အစည်းတစ်ခုက အလုပ်လက်မဲ့ဖြစ်သွားတဲ့ သတင်းထောက်တွေအတွက် အစားအသောက်ပါဆယ်တွေ ပို့ဆောင်ဝေငှပေးဖို့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။


လုပ်အားခလျှော့ချခံရ
အိန္ဒိယနိုင်ငံဟာ ဒစ်ဂျစ်တယ်သတင်းမီဒီယာရဲ့ ထိုးနှက်တိုက်ခိုက်မှုကို အချိန်အကြာကြီး ကြံ့ကြံ့ခံရပ်တည်ခဲ့တာ။ ဒါပေမယ့် အခုအခါမှာတော့ မြို့ပေါ်က တချို့သတင်းစာတွေ ဆက်မထုတ်ကြတော့ဘူး။ သတင်းစာတချို့ကတော့ အခုအချိန်မှာ စာဖတ်သူတွေပြန်ရဖို့ ဘယ်လိုလုပ်မလဲဆိုတာကို စိုးရိမ်ကြောင့် ကြနေရတယ်လို့ အယ်ဒီတာတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့ပါတယ်။


ယခုလအတွင်းမှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Pune နဲ့ Goa သတင်းစာတွေ ထုတ်ဝေမှုရပ်ဆိုင်းခဲ့ရပြီး Hindustan Times နဲ့ Times of India သတင်းစာတွေဆိုရင် ဝန်ထမ်းအင်အားလျှော့ချတာ၊ လုပ်အားခ ဖြတ်တောက်တာတွေနဲ့ တချို့ရုံးဌာနတွေ ပိတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ကပ်ရောဂါ မဆိုက်ခင်က ဆိုရင် ဒီသတင်းစာ တွေကို စောင်ရေနှစ်သန်းကျော်လောက်အထိ ပုံမှန်ထုတ်ဝေနိုင်ခဲ့တာ ဖြစ်ပါတယ်။


ကြော်ငြာရရှိမှုကျဆင်း
Hindustan Times သတင်းစာက ၎င်းရဲ့ဝန်ထမ်း တွေဆီ ပေးပို့ခဲ့တဲ့ အီးမေးလ်တစ်စောင်မှာ သတင်းစာဟာ တစ်ရက်မှာ အမေရိကန်ဒေါ်လာငါးသိန်း အရှုံးပေါ်နေ တယ်လို့ ဆိုထားပါတယ်။ ကီရာလာ တောင်ပိုင်းပြည်နယ်မှာ အခြေစိုက်တဲ့ ဒေသသတင်းစာ Mathrubhumi ဆိုရင် ပုံမှန်အားဖြင့် တစ်လမှာ အမေရိကန်ဒေါ်လာခြောက်သန်း နဲ့အထက် ကြော်ငြာဝင်ငွေ ရရှိခဲ့ရာကနေ အခုဆို အမေရိကန်ဒေါ်လာ ငါးသိန်းဖိုးအထိ ကြော်ငြာကျဆင်း သွားတာကို တွေ့ရပါတယ်။


တကယ်တော့ ကပ်ရောဂါမကျရောက်ခင်ကတည်းက အိန္ဒိယနိုင်ငံရဲ့ နေ့စဉ်သတင်းစာတွေဟာ စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေရှိခဲ့တာမှန်ပေမယ့် ကြော်ငြာကဏ္ဍ လုံးဝ ပြိုလဲသွား တဲ့အချိန်မှာတော့ အရေးပေါ်အခြေအနေတစ်ခုကို ရောက်သွားပြီလို့ ဟိန္ဒူဒေးလီးနဲ့ တခြားသောဒေသသတင်းစာတွေကို ပုံနှိပ်ထုတ်ဝေနေတဲ့အဖွဲ့ရဲ့ ဒါရိုက်တာ အင်န်ရမ် က ပြောကြားခဲ့ပါတယ်။ ကျွန်ုပ်တို့အဖွဲ့အနေနဲ့ ဒေါ်လာ သန်းနဲ့ချီပြီး ဆုံးရှုံးလိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ကြော်ငြာဈေးကွက်ပြန်ပြီး နာလန်ထူလာနိုင်ဦးမလားဆိုတာကို မသိနိုင်ဘူးလို့ ၎င်းက အေအက်ဖ်ပီသို့ ဖြေကြားခ ဲ့ပါတယ်။


သတင်းသမားတွေ အထိနာနေ

ကမ္ဘာ့သတင်းစာလုပ်ငန်းနဲ့ သတင်းထုတ်ဝေရေး အဖွဲ့အစည်း (WANIFRA)က အိန္ဒိယသတင်းစာတွေနဲ့ မဂ္ဂဇင်းတွေဟာ ကြော်ငြာကနေတစ်နှစ်ကို အမေရိကန် ဒေါ်လာသုံးဘီလီယံလောက်အထိရရှိအောင် စွမ်းဆောင် ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါအဖွဲ့အစည်းရဲ့ အိန္ဒိယနိုင်ငံက လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမန်နေဂျာ မက်ဒွန်း မိုဟာမက်က ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီနှစ်လ တည်းမှာတင် အိန္ဒိယနေ့စဉ်သတင်းစာတွေ ကြော်ငြာ လက်လွှတ်ဆုံးရှုံးရမှုဟာ ၇၅ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းလောက်အထိရှိတယ်လို့ ဆိုထားပါတယ်။ ပြီးတော့ အိန္ဒိယသတင်းမီဒီယာအုပ်စုတွေဟာဆိုရင်လည်း အွန်လိုင်းသတင်းမီဒီယာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် စလုပ်နေကြပြီ။ ကြော်ငြာတွေက ရုတ်တရက်ဖြစ်လာတဲ့ လုပ်ငန်းအရှုံးပေါ်မှုတွေကို ထေမိ ကာမိအောင် မလုပ်နိုင်ခဲ့ဘူးလို့ ရမ်က ပြောပါတယ်။ အိန္ဒိယသတင်းသမားတွေဟာ လစာလျှော့ချခြင်း၊ နောက်ကျမှလစာရ ခြင်းစတဲ့ စိတ်ညစ်စရာလုပ်ဆောင် ချက်တွေရဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေကြရတယ်လို့ သိရပါတယ်။


ကျင့်ဝတ်နဲ့ညီရဲ့လား
ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ဝမ်းနည်းစရာသတင်း တွေရယူဖို့ သတင်းသမားတွေဟာ အကာအကွယ်ပစ္စည်း တွေ လုံလုံလောက်လောက်မရှိဘဲ အပြင်ထွက်ပြီး သတင်းလိုက်ကြရတယ်။ သတင်းလိုက်ပြီး ပြန်လာတဲ့ အချိန်မှာ ရုံးကလစာလျှော့ချလိုက်တယ်လို့ ပြောတာကို ကြားလိုက်ရတော့ အမောဆို့သွားတယ်လို့ Indian Express သတင်းစာက သတင်းထောက်တစ်ဦးက ပြောပြခဲ့ပါတယ်။


မီဒီယာအနေနဲ့ အကျပ်အတည်းတစ်ခု ကျရောက်နေ ရချိန်၊ မသေချာမရေရာမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေ အကြီးအကျယ်မြင့်တက်နေတဲ့ အချိန်အခါမျိုးမှာ လစာဖြတ်တောက်လျှော့ချမှုတွေကို ဒီလောက်မြန်မြန်ဆန်ဆန် လုပ်နေတာဟာ ကျင့်ဝတ်နဲ့မညီဘူး။ ပြောရရင်၎င်းတို့ရဲ့ အလုပ်သမား ဝန်ထမ်းတွေအပေါ် စာနာနားလည်မှုနဲ့ စိုးရိမ်ပူပန်မှုမရှိသလိုဖြစ်နေတယ်၊ တကယ့်မီဒီယာ အုပ်စုကြီးဟာ လုပ်ငန်းရဲ့အနာဂတ်အရေးအတွက် ပိုပြီး ဦးစားပေးစဉ်းစားကြတယ်လို့ သတင်းမီဒီယာသမား တစ်ဦးက ဝေဖန်ထောက်ပြခဲ့ပါတယ်။

အေအက်ဖ်ပီ