လူတို့ပြုလုပ်အပ်သော ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့၏ ကောင်းခြင်းဆိုးခြင်းတို့ကို ဖန်တီးသူ လက်သည်မှာ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ဟေတုပစ္စည်း ခြောက်ပါးတို့ပင်ဖြစ်သည်။ စိတ်၏ သဘာဝ အလျောက် မွေ့လျော်ကျက်စားလေ့ရှိသော အာရုံတို့ကို အကြောင်းပြု၍ အကုသိုလ်ဟိတ်နှင့် ကုသိုလ်ဟိတ်တို့ ဖြစ်ပေါ်လျက် အကုသိုလ်ကံ၊ ကုသိုလ်ကံတို့ကို လူသားတို့နေ့စဉ်နှင့်အမျှ ပြုလုပ်နေကြခြင်းဖြစ်သည်။
မျက်မှောက်ကာလ ကမ္ဘာတစ်ခုလုံးတွင် လောဘ၊ ဒေါသ၊ မောဟတို့ ဖုံးလွှမ်းကာ လူသားထုတစ်ရပ်လုံး အကုသိုလ်ကံ ကျူးလွန်မှုတို့နှင့် ပြည့်နှက်နေသည်ဟု ထင်မြင်နေကြရသည်။ ကမ္ဘာ့သတင်း စာမျက်နှာများထက်တွင် ဘေးဒုက္ခများ၊ အကျပ်အတည်းများ၊ ပဋိပက္ခများဖုံးလွှမ်းနေသည်။ စစ်ပွဲများ၊ တင်းမာ မှုများ၊ ငတ်မွတ်ခေါင်းပါးမှုများ၊ စိုးရိမ်ကြောင့်ကြမှုများ၏ ပုံရိပ်များကို အချိန်နှင့်အမျှ တွေ့မြင်နေကြရသည်။ သတင်းများအရ လူသားတို့ရှင်သန်နေထိုင်ရာကမ္ဘာကြီးသည် စိတ်ချမ်းမြေ့စရာ တစ်ကွက်မှမရှိသော စိတ်ပျက်ဖွယ်ရာ ဂြိုဟ်ကြီးတစ်ခုဖြစ်နေသည်။ သတင်းများမှာ မမှားသော်လည်း သတင်းများ၏ လွှမ်းမိုးမှုကို ခံရခြင်းကြောင့် ကမ္ဘာကြီးတစ်ခုလုံးအပေါ်တွင် အဆိုးမြင်ပြီး ကောက်ချက်ချမှု မှားနိုင်သည်။
စင်စစ်အားဖြင့် ကမ္ဘာပေါ်တွင် တည်ငြိမ်အေးချမ်းခြင်း၊ စိတ်ချမ်းမြေ့ပျော်ရွှင်ခြင်း၊ သာယာ ဝပြောခြင်းတို့ ပြည့်စုံနေသည့် နေရာဒေသများ၊ တိုင်းနိုင်ငံများ အများအပြားပင်ရှိသည်။ ပစ်ခတ် တိုက်ခိုက်နေသည့် နိုင်ငံ၊ အကျပ်အတည်း ဘေးဒုက္ခကျရောက်နေသည့် နိုင်ငံများထက်ပင် ပို၍များဦးမည်။ သို့ရာတွင် တည်ငြိမ်အေးချမ်းနေခြင်းထက် စစ်မက်ဖြစ်ပွား တိုက်ခိုက်ကြခြင်းက သာလျှင် လူတို့စိတ်ဝင်စားသည့်သတင်းဖြစ်ရာ စစ်ပွဲသတင်းများကိုသာ မီဒီယာ အသီးသီးတို့တွင် ဝေဝေဆာဆာ မြင်တွေ့ကြရခြင်းဖြစ်သည်။ ထိုကဲ့သို့သော သတင်းများကို ရေရှည်မြင်တွေ့လာရသည့် အခါတွင် လူတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းတို့အပေါ် လွှမ်းမိုးရိုက်ခတ်မှုများ ဖြစ်ပေါ်လာရသည်။
မိမိတို့နိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး စာဖတ်တတ်သူများမှာ လူဦးရေ၏ ထက်ဝက်မက ရှိသည်။ သို့ရာတွင် ပြည်တွင်း၌ တာဝန်ယူမှု၊ တာဝန်ခံမှုများ၊ ကျင့်ဝတ်များနှင့်အညီ ထုတ်ဝေ၊ ထုတ်လွှင့်နေကြသည့် မီဒီယာများကို ဖတ်ရှုသူ၊ ကြည့်ရှုသူများမှာ နည်းလွန်းလှသည်။ မီဒီယာ အသစ်ဖြစ်သည့် လူမှုကွန်ရက်မီဒီယာတွင်လည်း သတင်းအချက်အလက်ရယူရန်ထက် ဖျော်ဖြေရေးနှင့် လူမှုဆက်ဆံရေးတို့တွင်သာ အများစုက အာရုံစူးစိုက်ကြသည်။ ထို့အပြင် သတင်းအတု၊ သတင်းအမှား များကို စိစစ်ဆင်ခြင်နိုင်ခြင်း အားနည်းလှစွာဖြင့် ကြည့်ရှုလက်ခံကြကာ သတင်း အဆိပ်သင့်မှုများ ကိုလည်း မကြာခဏတွေ့မြင် နေရသည်။
လူမှုကွန်ရက်မီဒီယာများတွင် တွေ့မြင်နေရသည့် မိမိတို့နိုင်ငံ၏ ပုံရိပ်များမှာ အထက်တွင် ဖော်ပြခဲ့သကဲ့သို့ပင် အားလုံး အမှန်ဟုယူဆ၍ မရနိုင်ဘဲ စိစစ်ကြရန်၊ ဆင်ခြင်တွေးဆကြရန် လိုသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ကျင့်ဝတ်တို့ ကင်းမဲ့နေသည့်အပြင် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တင်နေကြသည့် အကြောင်းအရာ၊ အချက်အလက်များအပေါ်တွင် စိစစ်ခြင်းမရှိဘဲ တထစ်ချ ကောက်ချက်ဆွဲပါက မှားယွင်းဖို့ကသာ ဖြစ်နိုင်ခြေ ပို၍များသည်။ သတင်းတု၊ သတင်းမှားများကြောင့် မိမိတို့၏ သန္တာန်တွင် အကုသိုလ်တို့ဖြစ်ပေါ်နိုင်ပြီး မှားယွင်းသည့်ကိုယ်အမူအရာ၊ နှုတ်အမူအရာများ ပြုမူနိုင်ခြင်းကို သတိပြု၍ ဉာဏ်ပညာဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရပါမည့်အကြောင်း။
မြန်မာ့အလင်း