နေပြည်တော် ၂ ဖေဖော်ဝါရီ
ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကျောက်ဖူးသစ်တောကြိုးဝိုင်းအတွင်း ဝါး/ မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူများထံမှ ခြိမ်းခြောက်ငွေတောင်းခံသည့် မှုခင်းသတင်းစုံနှင့် အွန်လိုင်းသတင်းအေဂျင်စီ၊ နေပြည်တော်တိုင်း မီဒီယာအဖွဲ့မှဟုဆိုသူ ဇေယျာလင်း (ခ) လှိုင်ဌေးနှင့် အဖွဲ့အား ဥသျှစ်ပင်နယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်ဖူးသစ်တောကြိုးဝိုင်းအတွင်းရှိ ညောင်အေတဲတိုက်သို့ ဇန်နဝါရီ ၃၀ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နေ ဇေယျာလင်း (ခ) လှိုင်ဌေး အပါအဝင် ၁၀ ဦး ရောက်ရှိလာပြီး ၎င်းတို့မှာ နေပြည်တော်မှ လာသည့်အဖွဲ့ဟု ပြောဆို၍ ဒေသခံ ဦးစောနိုင်အပါအဝင် ဝါး/ မီးသွေးဖုတ် အလုပ်သမားများ၏ တဲများအား ဓာတ်ပုံရိုက်ခြင်း၊ ဦးကိုကိုအောင်၏ တဲပေါ်သို့ တက်ရောက်၍ ဓာတ်ဗူးနှင့် အိုးခွက်ပန်း ကန်များအား ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ပြီး မင်းတို့လုပ်ကိုင်နေတာကို အထက်ကို တင်ပြမည်ဟု ခြိမ်းခြောက်ပြောဆိုကာ ငွေကျပ်နှစ်သိန်း တောင်းခံသွားခဲ့ကြောင်း။
၎င်းတို့အဖွဲ့သည် ဇန်နဝါရီ ၃၁ ရက်တွင် သစ်တောကြိုးဝိုင်းရှိ ဂွကြီးတဲတိုက်သို့ ထပ်မံသွားရောက်ပြီး မစန်းဌေး၏ ဝါး/ မီးသွေးဖုတ်လုပ်ငန်းများအား ဓာတ်ပုံရိုက်၍ ခြိမ်းခြောက်ငွေတောင်းခံခဲ့ကြောင်း၊ ဆက်လက်၍ ကျောက်တံခါးတဲတိုက်သို့ သွားရောက်၍ ဝါးခုတ်အလုပ်သမား ခေါင်းဆောင် ကိုဇော်ကြီးနှင့်အဖွဲ့အား ခြိမ်းခြောက်ငွေ တောင်းခံစဉ် စကားများရန်ဖြစ်ပြီး ရုန်းရင်းဆန်ခန် ဖြစ်ပွားခဲ့ကြောင်း။
ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဥသျှစ်ပင်နယ်မြေရဲစခန်း၌ နှစ်ဖက် အပြန်အလှန် အမှုဖွင့်တိုင်တန်းသဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း၊ ၎င်းအဖွဲ့သည် လွန်ခဲ့သော ၄၊ ၅ ရက်ခန့်က သနီချောင်းအနီးရှိ ဝါး/ မီးသွေးဖုတ်လုပ်ကိုင်သူများထံမှလည်း ငွေကျပ် ၁၀ သိန်း ခြိမ်းခြောက်တောင်းယူခဲ့သည်ဟု ကိုယ်တိုင်ဝန်ခံ ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။
ဇေယျာလင်း (ခ) လှိုင်ဌေးသည် ငွေကျပ် ၃၆ သိန်း လိမ်လည်ရယူမှုဖြင့် သာယာဝတီမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူခံထားရသည့် တရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရှိရပြီး ၎င်းနှင့်အတူ သွားရောက်သည့် ၁၀ ဦးလုံးကို ဖမ်းဆီးရမိကာ ဥပဒေနှင့်အညီ ထပ်မံအမှုဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(သတင်းစဉ်)