မကွေး ၂  အောက်တိုဘာ

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သတင်းမီဒီယာများနှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးရရှိရန် ဆောင်ရွက်ကြပြီး ရဲတပ်ဖွဲ့၏လုပ်ငန်းများကို သတင်းမီဒီယာများမှတစ်ဆင့် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ကြဖို့လိုကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး က တိုက်တွန်းပြောကြားလိုက်သည်။

မကွေးမြို့တော်ခန်းမ၌ အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းကကျင်းပသည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 “သတင်းမီဒီယာဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တာကြောင့် အလေးထားဆောင်ရွက်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ အချို့ ဖြစ်စဉ်တွေမှာ အမှန်မဟုတ်တဲ့ သတင်းအမှားတွေဖော်ပြလာတဲ့အတွက် ပြည်သူများကို စိုးရိမ်ထိ်တ်လန့်မှုတွေ ဖြစ်စေနိုင်တဲ့ အပြင် ရဲတပ်ဖွဲ့ကိုလည်း အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ထူးခြားဖြစ်စဉ်နဲ့ အများပြည်သူစိတ်ဝင်စားတဲ့ မှုခင်းတွေမှာ ရဲတပ်ဖွဲ့ကဖြစ်စဉ်အမှန်များကို အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန် ဆောင်ရွက်သွားကြရမှာဖြစ်တယ် ”ဟု ဝန်ကြီး က သဘောထားမှတ်ချက်ပြုသည်။

ဝန်ကြီး၏ တိုက်တွန်းပြောကြားချက်အရ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မှုခင်းဖြစ်စဉ်နှင့် ဆောင်ရွက်ချက်များအား ယခင်ကထက် ပြောရဲဆိုရဲဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ၊  စာရွက်စာတမ်းဆိုင်ရာ အဆင့်အတန်းသတ်မှတ်ချက်များ၊ ကွင်းဆက်မှုခင်းဆိုင်ရာ အကန့်အသတ်များကို မီဒီယာဘက်မှ နားလည်လက်ခံထားပြီးဖြစ်၍ အပြုသဘောဆောင်သည့် ဆက်ဆံရေးမျိုး တည်ဆောက်မည်ကို ကြိုဆိုကြောင်း ဒေသခံမီဒီယာများက ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ယခင် Control Oriented Policing ထိန်းချုပ်မှုကိုရှေးရှုသည့် ရဲလုပ်ငန်းစနစ်မှ ယခု ဆိုလျင် Service Oriented Policing ဝန်ဆောင်မှုကိုရှေးရှုသည့် ရဲလုပ်ငန်းစနစ်သို့ ပြောင်းလဲကျင့်သုံးနေပြီ ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီးခင်ဇော်ထံမှ သိရှိရသည်။

ဇေယျတု(မကွေး)

IMG_2758