နေပြည်တော် ၁၃ ဇန်နဝါရီ
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ သတင်းမီဒီယာသမားများ ကျင့်ဝတ်လိုက်နာခြင်းမရှိလျင် တိုင်ကြားနိုင်ကြောင်း ယနေ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက် အမှတ် ၃/၂၀၂၀ အရ သတင်းမီဒီယာသမားအချို့သည် သတင်းရယူသည့်ကိစ္စများတွင် လည်းကောင်း၊ အခမ်းအနားများတွင် လည်းကောင်း၊ သတင်းရယူ ဖော်ပြရန် ငွေကြေးတောင်းခံနေမှုများ ရှိနေကြောင်း သိရှိရကြောင်း။
သတင်းမီဒီယာဥပဒေ ပုဒ်မ ၃ (ခ) အရ ‘သတင်းမီဒီယာ လုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်နိုင်စေရန်’ ဟု ဖော်ပြထားပြီး ဒီမိုကရေစီနိုင်ငံတွင် သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင်အဖြစ် အများပြည်သူများ ယုံကြည်မှုရှိစေရန်အတွက် သတင်းမီဒီယာသမားများသည် ပြဌာန်းထားသည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များကိုတိကျစွာ လိုက်နာရန် တာဝန်ရှိကြောင်း။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာဥပဒေ ပုဒ်မ (၁၂) အရ သတင်းမီဒီယာသမားများနှင့် ပတ်သက်ပြီး သတင်းမီဒီယာဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ကြောင်း။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာကို စောင့်ကြည့်ခြင်း၊ သတင်းမီဒီယာသမားများ၊ စာနယ်ဇင်းအသင်းအဖွဲ့များက သတင်းမီဒီယာကျင့်ဝတ် ဖောက်ဖျက်မှုများရှိလာပါက သတိပေးခြင်းကို ဆောင်ရွက်ရန် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများ အရ အခွင့်အာဏာရှိကြောင်း၊ သတင်းမီဒီယာသမားများသည် ပြဌာန်းထားသည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်လိုအပ်ပါသည်။ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ခေါ်ယူတွေ့ဆုံသတိပေးခြင်း၊ သတိပေးချက်ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
သတင်းမီဒီယာသမားများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများ ကျင့်ဝတ်နှင့်မညီသော လုပ်ဆောင်မှုများ တွေ့ရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (အီးမေးလ် [email protected] ၊ ဖုန်း- 09448026326) သို့ တိုင်ကြားနိုင်ပါကြောင်းနှင့် လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ရေးအတွက် တိုင်ကြားသူ၏ အမည်ကိုလည်း လျှို့ဝှက်ထားပေးမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ သတင်းထုတ်ပြန်ထားသည်။
MDN