နေပြည်တော်၊ အောက်တိုဘာ ၅
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန် ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေး စခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိကြောင်း သိရှိရသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း သတင်းရရှိမှု (၉၅) ကြိမ်ရရှိခဲ့ပြီး သတင်းမှား (၄၅) ကြိမ်၊ နောက်ကျသတင်း (၁) ကြိမ်နှင့် ဖမ်းဆီးရမိမှု (၄၉) ကြိမ်ဖြစ်သည်။ သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ (၈၃) မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း (၅၅) မျိုး အပါအဝင် ခန့်မှန်းတန်ဖိုးကျပ် (၂,၁၀၂.၈၆၄) သန်းနှင့် တရားမဝင် ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ အပါအဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိ ပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် (၂,၁၀၂ ဒသမ ၈၆၄) သန်း၏ ၂၀% ဖြစ်သော ကျပ် (၄၂၀ ဒသမ ၅၇၃) သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဌာနများမှလည်း မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် [email protected] သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်