ရီယာ့ဒ် ၃ အောက်တိုဘာ
ဆော်ဒီတော်ဝင်အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်သည် ဆော်ဒီသတင်းသမား ဂျမဲလ်ခါရှော့ဂီ အသတ်ခံရမှုအတွက် အပြည့်အဝ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သော်လည်း ခါရှော့ဂီအား သတ်ရန် ၎င်းက အမိန့်ပေး ညွှန်ကြားခဲ့သည်ဆိုသော စွပ်စွဲချက်များကိုမှု ငြင်းဆန်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိနစ် ၆၀ စာ ရုပ်သံထုတ်လွှင့်တင်ဆက်မှုတွင် ဆော်ဒီတော်ဝင်အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ခေါရှော့ဂီအသတ်ခံရမှုသည် ၎င်းအနေဖြင့် ဆော်ဒီအာရေဗျကို ဦးဆောင်နေသူ တစ်ဦးဖြစ်သည့်အလျောက် တာဝန်အပြည့်အဝယူခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ခါရှော့ဂီ အသတ်ခံရမှုတွင် ဆော်ဒီအစိုးရအတွက် အလုပ်လုပ်ပေးနေသည့် ပုဂ္ဂိုလ်များက ကျူးလွန်ခြင်းဖြစ်သောကြောင့် တာဝန်ယူခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန်ပို့စ် သတင်းစာခေါင်းကြီးပိုင်း၌ ၎င်းအားဝေဖန်ရေးသားခဲ့သူ တစ်ဦးတစ်ယောက်က အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်သည် သတင်းထောက် ခါရှော့ဂီကို သတ်ရန် အမိန့်ပေးခဲ့သလားဟု မေးမြန်းခဲ့ရာ ၎င်းကလုံးဝမဟုတ်ကြောင်း ဖြေကြားခဲ့သည်။
ဆော်ဒီသတင်းထောက် ခါရှော့ဂီသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂ ရက်က တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက်တွင် ပျောက်ဆုံးသွားခဲ့သည်။ ဆော်ဒီအစိုးရအဖွဲ့၏ အေးဂျင့်များက ၎င်းကိုသတ်ဖြတ်ကာ အလောင်းကို ဖျောက်ဖျက်လိုက်ခြင်းဖြစ်ကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ခါရှော့ဂီအသတ်ခံရမှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းကာ ကြားနာစစ်ဆေးလျက်ရှိသည်။ ၎င်း၏အလောင်းကိုမူ ယခုအချိန်အထိ ရှာမတွေ့သေးပေ။
အေအက်ဖ်ပီ