ရန်ကုန်၊   ၁၁   ဒီဇင်ဘာ 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ အစည်း (ယူနက်စကို) မြန်မာရုံးတို့ ပူးပေါင်း၍  သတင်းထောက်များ ဘေးကင်းလုံခြုံရေး - ကြောက်ရွံ့မှုနဲ့ ဘက်လိုက်မှုကင်းတဲ့ သတင်းအတတ်ပညာကို ကျင့်သုံးရေး  စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ မှ ၁၂ နာရီ အထိ အွန်လိုင်းမှ တစ်ဆင့် ကျင်းပသည်။

စကားဝိုင်း ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဉီးကျော်နိုင် (ထက်မြက်) နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) မှမြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Min Jeong Kim တို့က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး  ယူနက်စကိုမှ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရာရှိ ဒေါ်နိုင်နိုင်အေးက စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဦးဆောင်ဆွေးနွေးသူများအဖြစ် ဦးဟန်ညွန့် (အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်)၊ ဦးညိုထွန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စု တရားလွှတ် တော်ချုပ်ရုံး)၊ ဒေါက်တာဒေါ်ဇင်မာကျော် (ပါမောက္ခ/ဌာနမှူး၊ သတင်းအတတ်ပညာဌာန၊ အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်)၊ ဒေါ်အိအိတိုးလွင် (ရွေးကောက်ပွဲဆိုင်ရာ သတင်းထောက်ချုပ် - Frontier Myanmar) တို့က ပါဝင်ဆွေးနွေးကြပြီး ဆွေးနွေးပွဲညှိနှိုင်းရေးမှူး အဖြစ် ဦးကျော်စွာမင်း (အတွင်းရေးမှူး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ)  က ဆောင်ရွက်သည်။

ယင်းနောက်တက်ရောက်လာသည့် သတင်းမီဒီယာများက မေးခွန်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများနှင့် ဆွေးနွေးပွဲညှိုနှိုင်းရေးမှူး တို့က ပြန်လည်ရှင်းလင်းဖြေကြားသည်။

ယခုကျင်းပခဲ့သည့်စကားဝိုင်းဆွေးနွေးပွဲသည် အရေးပါသော နိုင်ငံတကာအထိမ်းအမှတ် နေ့ သုံးခုဖြစ်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (မေ ၃ ရက်)၊ သတင်းထောက်များ အပေါ် ကျူးလွန်သော ပြစ်မှုများအတွက် ပြစ်ဒဏ်မှကင်းလွတ်ခြင်းမရှိစေရေး နိုင်ငံတကာနေ့ (နိုဝင်ဘာ ၂ ရက်) နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (နိုဝင်ဘာ ၁၀ ရက်) တို့ကို စုပေါင်းကာ three-in-one event အဖြစ် ကျင်းပခြင်း ဖြစ်သည်။

(ကျော်စွာမင်း)