၂၆ နိုဝင်ဘာ
လတ်တလော ပြင်ပတွင် ထွက်ပေါ်နေသည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်အချို့၏ တစ်ဖက်သတ် ကောက်ချက်ချ ဝေဖန်ပြောဆိုနေမှုများ၊ ထိုမှဆက်၍ အခြားသူများကပါ ထင်မြင်ရာကို ဝင်ရောက်ဆွေးနွေး ပြောဆိုနေမှုများနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၆ ရက်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများထံ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည် -
မေး။ နိုဝင်ဘာ ၂၃ ရက်နေ့က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနဲ့ သတင်းမီဒီယာကောင်စီဝင်တွေ နိုင်ငံတော်သမ္မတအိမ်တော်မှာ ကတိသစ္စာပြုခဲ့တဲ့ အခမ်းအနားသတင်းတွေကို တွေ့မြင်ဖတ်ရှုရပါတယ်။ အဲဒီမှာ နိုင်ငံတော်သမ္မတကြီးက လက်ဖက်ရည်ဝိုင်းနဲ့တည်ခင်းပြီး တစ်ဦးချင်းစီကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့တာကိုလည်း ကြားသိရပါတယ်။ ညနေပိုင်းမှာလည်း သတင်းမီဒီယာကောင်စီဝင်တွေကို ဂုဏ်ပြုညစာနဲ့ ဧည့်ခံပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် စကားပြောခဲ့တာ၊ သတင်းမီဒီယာကောင်စီဝင်တွေရဲ့ စားပွဲဝိုင်း တစ်ဝိုင်းချင်းစီကို လိုက်လံနှုတ်ဆက်ပြီး အလွတ်သဘော ရင်းရင်းနှီးနှီး ပြောဆိုခဲ့ကြတဲ့ သတင်းတွေကို လည်း တွေ့မြင်ဖတ်ရှုရပါတယ်။
အဲဒီအခမ်းအနား တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး တက်ရောက်ခဲ့တဲ့ ကောင်စီဝင် အချို့က သူတို့ရဲ့တစ်ဖက်သတ် ကောက်ချက်ချ ဝေဖန်ပြောဆိုတာတွေ မီဒီယာတွေမှာ ပျံ့နှံ့လာတာ၊ အဲဒီအပေါ်မှာ ဝေဖန်ပြောဆိုနေတာတွေ ကြားသိနေရပါတယ်။ အဲဒီသဘောထားထုတ်ပြန်သူတွေက ကောင်စီရဲ့အလုပ်အမှုဆောင်မှာ တာဝန်ယူထားသူတွေဆိုတော့ အဲဒါ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ သဘောထားလား၊ ညှိနှိုင်းထုတ်ပြန်တာလား၊ ဒါတွေအပေါ် သတင်းမီဒီယာကောင်စီအနေနဲ့ သဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ဖို့ရော ရှိပါသလားဆိုတာ သိချင်ပါတယ်။
ဟံသာဝတီဦးအုန်းကြိုင် (ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ)
ဖြေ။ ကျွန်တော်ကိုယ်တိုင် ဘာတွေမှန်းမသိသေးဘူး။ ဒီလိုပြောရင် ကျွန်တော်ညံ့ရာကျပါတယ်။ တကယ်တမ်းလည်း ကျွန်တော်ဘာမှန်းမသိသေးပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့ကကျွန်တော်တို့ ညစာစားပွဲ တည်ခင်းတဲ့နေရာမှာ ထိပ်ဝိုင်းတစ်ဝိုင်း ရှိပါတယ်။ အဲဒီဝိုင်းမှာ ကျွန်တော်ရယ်၊ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာမျိုးသန့်တင်ရယ်၊ ဆရာထက်မြက်ရယ်၊ နောက်ထပ်နှစ်ယောက် ဘဏ္ဍာရေးမှူးရယ်၊ ကောင်စီဝင်ထဲက အမျိုးသမီး ဒေါ်သင်းသင်းသာရယ်၊ ပြန်ကြားရေးဝန်ကြီးရယ်၊ ကျွန်တော်တို့ စားပွဲဝိုင်းသက်သက်ထိုင်ရတယ်။ ကျန်တဲ့သုံးဝိုင်းက သီးခြားဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်တော်တို့နဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားတွေ ပြောပါတယ်။ ရှင်းရှင်း ပြောမယ်ဆိုရင် ဒါက သူနဲ့ကျွန်တော်တို့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပါ။
တွေ့တဲ့အခါမှာ သူက လူရင်းတွေလို၊ အကြိမ်ကြိမ်တွေ့ထားတဲ့သူတွေလို ရင်းရင်းနှီးနှီး ဆက်ဆံတယ်၊ ရင်းရင်းနှီးနှီး ပြောတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ပြောရင်း ဆိုရင်း၊ စားရင်းသောက်ရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျွန်မ ဟိုဘက်ဝိုင်းတွေ လည်းသွားပြီး နှုတ်ဆက်လိုက်ဦးမယ်၊ ပြန်လာမှ ထမင်းစားမယ်ဆိုပြီး ဝိုင်းတွေကို သွားပြီးနှုတ်ဆက်တယ်။
အဲဒီမှာဘာတွေပြောလို့ ဘာတွေဆိုကြတယ်ဆိုတာကို ကျွန်တော်တို့ မသိလိုက်ဘူး။ ပြန်လာတော့ ကျွန်တော်တို့ ကားပေါ်မှာ သတင်းနည်းနည်းကြားတယ်။ နောက်နေ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အစည်းအဝေးတစ်ခု လုပ်တယ်။ အဲဒီမှာလည်း သူ့အမြင်၊ သူ့အယူအဆကို ဒီသူငယ်က ထပြောတယ်။ ဘာလဲဆိုတော့ ကျွန်တော်ကြားလိုက်တာတော့ ဆိုရှယ်မီဒီယာက Mainstream မီဒီယာအပေါ်မှာ လွှမ်းမိုးနေတာ များတယ်ဆိုတဲ့အကြောင်း ဒီလိုပဲ ကျွန်တော်နားလည်လိုက်တယ်။ သာမန်ပဲထင်လိုက်တယ်၊ နောက်တော့ သူတို့က ဖေ့စ်ဘွတ်မှာ တင်တယ်လို့ပြောတယ်။ ကျွန်တော်တော့ မဖတ်လိုက်ရဘူး။ ဘာတွေရေးလို့ ဘာတွေဖြစ်ကြမှန်း ကျွန်တော်မသိလိုက်မှန်း အမှန်ပဲ။ သို့သော် ဒီလိုပြောကြဆိုကြတယ်။ ဆိုရှယ်မီဒီယာ အပေါ်မှာ တင်ကြတာ ကျွန်တော်တို့ မသိတာ။ ကောင်စီအနေနဲ့ ဆုံးဖြတ်ထားတာလည်း မရှိဘူး၊ ညှိနှိုင်းထားတာလည်း မရှိဘူး။
ကောင်စီအနေနဲ့က ဒီနေ့ နိုင်ငံတော်မှာ ကျွန်တော်တို့ရပ်တည်ရတဲ့အပိုင်းမှာ မဏ္ဍိုင်ကြီးလေးရပ်အနေနဲ့ စတုတ္ထမဏ္ဍိုင်အနေနဲ့ ရပ်တည်ပါတယ်။ ကျန်တဲ့ မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်တွေကို ကျွန်တော်တို့က စောင့်ကြည့်ပြီးဝေဖန်မယ်၊ အကဲဖြတ်မယ်၊ ပြုပြင်စရာရှိ ပြုပြင်မယ်၊ အကြံဉာဏ်တွေပေးမယ် ဒီသဘောပဲရှိတယ်။ ဒါက အခြေခံဥပဒေက ပေးတဲ့အခွင့်အရေးဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းတဲ့ သတင်းမီဒီယာဥပဒေအရလည်း ပေးထားတဲ့ တာဝန်နဲ့ အခွင့်အရေးတွေအတိုင်း ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ ဒီလိုသဘောပါပဲ။
ဆရာကြီး ဒေါက်တာ မျိုးသန့်တင်ဆိုရင် ကျွန်တော့်ထက် သူကပိုပြီး ဒီလုပ်ငန်းမှာ အတွေ့ အကြုံများတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာနယ်ဇင်းကောင်စီ ယာယီဘဝထဲက ဒီဥပဒေရေးဆွဲထားတာရော၊ ဒီလုပ်ငန်းတွေလုပ်ရတာရော သူပါဝင်ခဲ့တယ်။ ကျွန်တော်တို့ မီဒီယာကောင်စီမှာ ဖွဲ့စည်းတာ ထောင့်စုံကပါဝင်တယ်။ အဖွဲ့စုံကပါတယ်။ သတင်းမီဒီယာသမားကြီးပဲ မဟုတ်ဘူး၊ ပညာရှင်အသိုင်းအဝိုင်းလည်း ပါတယ်၊ တစ်ဖက်ကလည်း လူငယ်တွေပါတဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ သတင်းစာသမားတွေ၊ သတင်းထောက်တွေ၊ စာရေးဆရာတွေ၊ ကာတွန်းဆရာတွေစသည့် အလွှာစုံက အသီးသီးပါတော့ အမျိုးလည်းစုံတယ်။
ကျွန်တော်ပြောချင်တာတော့ လူငယ်တွေလည်း ဖြစ်တယ်။ တက်ကြွလွန်းအားကြီးနေတယ်၊ ဒါတွေ ကျွန်တော်တို့တွေ့ကြုံရပါတယ်။ ပထမကောင်စီ သက်တမ်းမှာ ဒါမျိုး တွေသိပ်မရှိဘူး။အခု သက်တမ်းစတာနဲ့ ဒါတွေရင်ဆိုင်ရတယ်။ ဒါလေးတွေက ကျွန်တော်တို့ ကိုင်တွယ်သွားဖို့၊ ရှေ့လျှောက် ထိန်းသိမ်းသွားဖို့ ကျွန်တော်ယုံကြည်ပါတယ်၊ ယူဆပါတယ်။
ကျွန်တော်ပြောချင်တာက နိုင်ငံတော်သမ္မတနဲ့ တွေ့တဲ့အချိန်မှာ နိုင်ငံတော်သမ္မတက ကျွန်တော်တို့ကို လမ်းညွှန်သွားတဲ့အချက်တွေ အင်မတန် ကောင်းပါတယ်။ နိုင်ငံတော် သမ္မတက ဘာပြောသလဲဆိုရင် ကျွန်တော်တို့နိုင်ငံသည် ခေတ်ဟောင်း၊ စနစ်ဟောင်းမှ စနစ်သစ်ကို ကူးပြောင်းစနိုင်ငံဖြစ်ပါတယ်။ လမ်းရိုးလမ်းဟောင်းမှ လမ်းသစ်ကို ဖောက်ထွက်နေရတဲ့အခါ ရှောင်လို့မရတဲ့ အခက်အခဲ အကျပ်အတည်းတွေလည်းရှိတယ်။
ဒီလိုအခြေအနေ အချိန်အခါမျိုးမှာ အရင်းအနှီး ကြီးကြီးပေးပြီး ရှားရှားပါးပါးရရှိထားတဲ့ ဒီမိုကရေစီအပင်ပေါက်လေး ရှင်သန်ကြီးထွားရေးကို ကျွန်တော်တို့က အလေးအနက် ထားကြစေလိုပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်အောင် ကျွန်တော်တို့အားလုံးရဲ့ စုပေါင်းအင်အားနဲ့ မလုပ်နိုင်ကြရင် အနာဂတ်နိုင်ငံရဲ့ နောင်မျိုးဆက်သစ်တွေအပေါ် ကျွန်တော်တို့ တာဝန်မကျေရာ ရောက်ပါတယ်လို့ ဒီလိုပြောကြားခဲ့ပါတယ်။
ဒါဟာ ကျွန်တော်တို့နဲ့ တစ်သဘောတည်းပဲ ထပ်တူကျပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ချက်၊ ခံယူချက်နဲ့ ရေကိုသား အကြားမထင်သကဲ့သို့ ပြည်သူနဲ့အတူ ညီညီညွတ်ညွတ်ဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းပြီး ဒီမိုကရေစီပန်းတိုင်ရောက်သည်အထိ ကြံ့ကြံ့ခံ ရပ်တည်သွားမှာဖြစ်ပါတယ် ဆိုတဲ့စကားဟာ ကျွန်တော် အခုကိုယ်စားပြုပြီး ပြောနေတဲ့ သတင်းမီဒီယာကောင်စီတင် မဟုတ်ပါဘူး။ကျွန်တော့်ဘ၀ တစ်ဦးတည်းအမြင်နဲ့ပြောရင်လည်း ဒီဦးတည်ချက်က ကျွန်တော်ငယ်ငယ်လေးထဲကပါခဲ့တယ်။ ဘာ့ကြောင့် ဒီလိုပြောသလဲဆိုတော့ ကျွန်တော်ဟာ အသက် ၁၈ ၊ ၁၉ ၊ ၂၀ အရွယ်လောက်ကတည်းက ဒုတိကမ္ဘာစစ်ပြီးစ ဟံသာဝတီသတင်းစာ စထုတ်တော့ ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊ ၂၅ နှစ်မြောက် ငွေရတု အမျိုးသားအောင်ပွဲနေ့မှာ ဟံသာဝတီ သတင်းစာထုတ်ပါတယ်။ အဲဒီကတည်းက ကျွန်တော် စပါတယ်။
အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲရပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းသတင်းကို ကျွန်တော်လိုက်ရပါတယ်။ ဗိုလ်ချုပ်တို့ သွားနေတဲ့ လမ်းကြောင်း၊ နောက်ပြီး ကျွန်တော်တို့လူငယ်တွေ လေ့လာခဲ့တဲ့လမ်းကြောင်း၊ ဒီမိုကရေစီရရှိရေးကို ဦးတည်တယ်၊ အမျိုးသားလွတ်မြောက်ရေး ရရှိဖို့ကို ဦးတည်ကြတယ်။ ဒီအပေါ်မှာ ဝိုင်းပြီးကြိုး စားလာကြတယ်။ ဒီနေ့ခေတ်အထိ ကျွန်တော်တို့နိုင်ငံကို သတ္ထုချ ပြောကြည့်မယ်ဆိုရင် ဒီမိုကရေစီအပြည့်အ၀မရှိသေးဘူး။
လွတ်လပ်ရေးလည်း အပြည့်အ၀ မရှိသေးဘူး။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်မှာ အစိုးရတွေ အမျိုးမျိုးနဲ့လည်း ရင်ဆိုင်ရတယ်။ အထူးသဖြင့် ကျွန်တော်တို့ သတင်းမီဒီယာ လောကမှာ သတင်း လွတ်လပ်ခွင့်ဆိုတာဟာ ဆိတ်သုဉ်းခဲ့တာကြာပြီ။ ဒီဘက် ၂၀၁၁ ခုနှစ် ပါတီစုံရွေး ကောက်ပွဲပြီးတဲ့နောက်မှာ ဆင်ဆာဖြတ်တာတွေ ဖျက်သိမ်းပြီး သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်တွေ စရတယ်။ ရတာကို ကျွန်တော်တို့ အမိအရ ယူပြီး ဒီသတင်းမီဒီယာကောင်စီ ပေါ်ပေါက်လာတယ်။
သတင်းမီဒီယာကောင်စီအနေနဲ့လည်း ခိုင်ခိုင်မာမာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးတဲ့ဥပဒေနဲ့ ပေါ်ပေါက်လာတယ်။ လမ်းဘေးက ရေးဆွဲပေးတဲ့ စည်းမျဉ်းမဟုတ်ဘူး။ ကျွန်တော်တို့ကိုပေးတဲ့ အာဏာ၊ တာဝန်သည် အင်မတန်ပြီးပြည့်စုံတဲ့ တာဝန်တစ်ရပ်ဖြစ်တယ်။ ဘာလဲဆိုတော့ ပုဒ်မ ၁၂ ကောင်စီသည် စာနယ်ဇင်းသမားများ၏ ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးနိုင်သော တစ်ဦးတည်းသော အဖွဲ့အစည်းဖြစ်သည် ဆိုတာ ပေါ့ပေါ့လေးမဟုတ်ဘူး၊ သတင်းမီဒီယာလောကကြီး တစ်ခုလုံးရဲ့ ပြဿနာတွေဖြေရှင်းဖို့ဆိုပြီး ကျွန်တော်တို့လက်ထဲကို အာဏာအပ်တာပဲ။
မေး။ သတင်းမီဒီယာကောင်စီအပေါ် သတင်းသမားတွေနဲ့ အများပြည်သူယုံကြည် အားထားလာစေဖို့အတွက် ဥပမာ-အငြင်းပွားမှုတွေ တိုင်ကြားမှုအပေါ်မှာ ညှိနှိုင်း/ ဖြေရှင်းပေးတာ၊ အရည်အသွေးရှိတဲ့ သြဇာရှိတဲ့ သတင်းသမားတွေ ထွက်ပေါ်လာစေဖို့ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ဖို့ ဆွေးနွေးပြောဆိုကြတာတွေလည်း ကြားသိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း အကောင်အထည်ဖော်ဆောင်ရွက်မယ့် အခြေအနေ သိလိုပါတယ်။
ဖြေ။ ကောင်စီရဲ့ အဓိကတာဝန်သည် ဒီနေ့ တိုင်းပြည်အုပ်ချုပ်နေတဲ့ မဏ္ဍိုင်ကြီး သုံး ရပ်နဲ့ သတင်းမီဒီယာတွေ၊ သတင်းမီဒီယာသမားတွေ နေ့စဉ် ထိတွေ့ပွတ်တိုက် မှုတွေ ကို စာနယ်ဇင်းကောင်စီတွေက ပြေငြိမ်းအောင် ကြားဝင်ဖြေရှင်းပေးတယ်။ တက်လာတဲ့ တိုင်ကြားတဲ့အမှုတွေ အများကြီးပါ၊ ကျွန်တော်တို့ စာနယ်ဇင်းကောင်စီက ဖြေရှင်းပေး ခဲ့တာ ဆရာကြီးတွေ လက်ထက်ကတည်းက စတယ်။ ရုံးသာရောက်မယ် ဆိုရင် အများ ကြီးပဲ။ သတင်းထောက်တွေလည်း ထောင်ထဲရောက်မှာအများကြီးပဲ။ ကျွန်တော်တို့တွေ ဖြေရှင်းပေးတဲ့အတွက် အမှုတွေက တော်တော်ပပျောက်ပါတယ်။ သိပ်ကြီးကျယ်တဲ့ အမှုတွေသာ တစ်ဖက်နဲ့တစ်ဖက် တင်းမာပြီးဖြစ်တာ။
ဒီကနေ့ဆိုရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ Eleven မီဒီယာနဲ့ဖြစ်တဲ့ကိစ္စ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို စွပ်စွဲရေးသားတဲ့ကိစ္စ စတဲ့ပြဿနာတွေ ကျွန်တော် ဖြေရှင်းပေးတယ်။ ဟိုတစ်နေ့ကပဲ နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျွန် တော်တို့ ကတိသစ္စာဆိုတဲ့အခါမှာ ကျွန်တော်တို့ကို တိုင်စာတစ်ခုပေးလိုက်တယ်၊ ဘာလဲဆိုတော့ သတင်းဂျာနယ်တစ်စောင်က အစိုးရအဖွဲ့မှာ ဝန်ကြီးတွေ အပြောင်းအလဲဖြစ်တော့မယ်၊ အကုန်ထွက်ရမယ်၊ နှစ်ယောက်ပဲ ကျန်တော့မယ်ဆိုပြီး ရေးထားလို့ ဒါကို ဖြေရှင်းဆောင်ရွက်ပေးပါဆိုပြီး ကျွန်တော်တို့ကို တိုင်တာဖြစ်ပါတယ်။
ဒါတွေကို ဖြေရှင်းနေတဲ့ကြားထဲမှာ ကျွန်တော်တို့အထဲက ခုနလို ဖေ့ဘွတ်တင်တဲ့ ပြဿနာတွေ ထွက်လာတယ်။ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ ကောင်စီဝင်တွေနဲ့ ပြန်မတွေ့ရသေးပါဘူး။ လပတ် အစည်းအဝေးက ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဖြစ်ပါတယ်။ မှုခင်းများညှိနှိုင်းဖြေရှင်းမှု ကော်မတီက လာမယ့်ကြာသပတေးနေ့မှာ ရှိပါတယ်။ အဲဒီမှာ ပြန်တွေ့ကြမယ်။ ပြောသင့်တာတွေပြောပါမယ်။
ခက်တာက ဒီနေ့ ဒီမိုကရေစီခေတ်ဆိုတော့ လူတိုင်းက တက်ကြွနေမယ်။ ပြောချင်တာတွေပြော၊ ဆိုချင်တာတွေဆို ဖြစ်လာတယ်။ အဲဒီကနေ ဖြစ်တယ်လို့ ကျွန်တော်တော့ယူဆပါတယ်။ ဒီလိုဖြစ်တဲ့အပေါ်မှာ သတင်းမီဒီယာကောင်စီအနေနဲ့ ထုတ်ပြန်ချက်ထုတ်ပြန်ဖို့ရှိသလားဆိုတော့ ကျွန်တော်တို့ ဒါကို ကောင်စီမှာတင်ပြီး ဆွေးနွေးပြီးမှ ပြောလို့ရမယ့်ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာတော်တော်လေး ကိုင်တွယ်ရမယ့်ကိစ္စပါ။ ကျွန်တော်တို့လည်းကောင်စီဝင်ပဲ။ အားလုံးကလည်း ကောင်စီဝင်တွေပဲ။ ဒါလေးတွေ နားလည်မှုရှိရအောင် ကျွန်တော်တို့ကြိုးစားရပါမယ်၊ ပြေလည်အောင်လည်း ဖြေရှင်းရပါမယ်။ အစိုးရလုပ်တဲ့ လုပ်ထုံးလုပ်နည်းမျိုးနဲ့တော့ ကျွန်တော်တို့ သွားလို့မရပါဘူး။ ပြေလည်အောင်၊ ညီညွတ်အောင် ကျွန်တော်တို့ ကိုင်တွယ်ရပါမယ်။ လူကြီးလူငယ် ပြဿနာကလည်းရှိပါတယ်။ နောက်ပြီး အမျိုးသမီး အမျိုးသား ပြဿနာတွေလည်းရှိပါတယ်။
နောက်တစ်ခု ကျွန်တော်ရဲ့ တစ်ဦးတည်းသဘောထားနဲ့ပြောမယ်ဆိုရင် ဒီနေ့ကျွန်တော်တို့ သတင်းမီဒီယာကောင်စီသည် ဆရာတွေစုထားတာ ဖြစ်ပါတယ်၊ တပည့် မပါပါဘူး။ သတင်းစာဆရာ၊ စာရေးဆရာတွေပါ။ ဆရာက တစ်ပြားသားမှ မလျှော့ပါဘူး။ အဲဒီတော့ အားလုံးက ဆရာတွေဖြစ်ပါတယ်။ အဲဒီတော့ အားလုံးကို ညီညွတ်အောင် ပြေလည်အောင် သမမျှတအောင် ဆောင်ရွက်ဖို့ရှိပါတယ်။ သို့သော် တစ်ခုရှိတာက ဒီပြဿနာ ဖြစ်ကြတာက ဒီကနေ့ နိုင်ငံတော်မှာ အဓိကပုဂ္ဂိုလ်၊ ရှေ့ဆောင်ပုဂ္ဂိုလ် တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် အမျိုးသားခေါင်းဆောင်နဲ့ သွားပြီး ထိတဲ့ပြဿနာ။ ဒါကို ကျွန်တော်တို့ကြားရတာကို စိတ်ထဲမှာ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နဲ့ အကြီးအကဲတွေနဲ့ စပြီးထိတွေ့တဲ့အချိန်မှာ ဒီလိုလာဖြစ်တာ၊ ဒါလေးလည်း ကျွန်တော်တို့ လူကြီးတွေအနေနဲ့ နည်းနည်းခွင့်လွှတ်သည်းခံရတဲ့ သဘောလေးတွေတော့ ရှိပါတယ်။
ကျွန်တော်ထင်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့လည်း နားလည်မှုရှိပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူဟာ သာမန်ပုဂ္ဂိုလ်မဟုတ်ပါဘူး။ သူဟာ အင်မတန်စူးစမ်းဆင်ခြင်ဉာဏ်နဲ့ ပြည့်စုံတဲ့ ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူကရင်ဖွင့်ပြီး အားလုံးကိုဆက်ဆံတဲ့နေရာမှာ အဆက်အဆံခံရတဲ့ ပုဂ္ဂိုလ်ကငယ်တဲ့အတွက် နားလည်မှုလွဲတယ်လို့ ဒီလိုပဲ ကျွန်တော်မြင်ပါတယ်။ ဒါတွေဟာ သာမန်ကိစ္စတစ်ခုလို့ပဲ ပြောပါရစေ။ ကျွန်တော်တို့က ရှေ့လျှောက် ဒီလိုအဖြစ်မျိုးတွေ မဖြစ်အောင် တတ်နိုင်သလောက် ထိန်းသိမ်းသွားပါမယ်။
ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကို စွပ်စွဲရေးသားတဲ့ သတင်းတုကိစ္စနဲ့ ဖော်ထုတ်နေမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီးနဲ့တွေ့တုန်းက ပြောပြတယ်။ သမ္မတကြီးက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြဿနာဟာ တရားစွဲမယ်လို့ ကျွန်တော်တို့ကို ခွင့်တောင်းပါတယ်။ ကျွန်တော်က တရားမစွဲပါနဲ့၊ သတင်းမီဒီယာကောင်စီကိုတိုင်ပါ၊ သူတို့ဖြေရှင်းပေးပါလိမ့်မယ်ဆိုလို့ တိုင်တာပါတဲ့။ ဆိုတော့ နိုင်ငံတော်သမ္မတကြီးရဲ့ သဘောထားက ကျွန်တော်တို့ သတင်းမီဒီယာဥပဒေကို လေးစားတယ်၊ ဥပဒေအတိုင်း ဖြစ်စေချင်တဲ့စိတ်ရှိတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ဖြစ်တဲ့ ပြဿနာမှာ ကျွန်တော်တို့ဆီကိုသွားဖို့ သူညွှန်ကြားတယ်။ သူကကျွန်တော်တို့ကို အလေးထားတဲ့ သဘောရှိတယ်။ နိုင်ငံတော်သမ္မတရဲ့သဘောထား အင်မတန် မြင့်မြတ်ပါတယ်။ ဒီအခွင့်အရေးကို ကျွန်တော် အားလည်းထားပါတယ်။
မေး။ သတင်းမီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာတွေကို စောင့်ကြည့်ပြီး သတင်းတု၊ သတင်းမှားတွေကို စိစစ်ထုတ်ပြန်ပေးဖို့ ဆွေးနွေးတာတွေကိုလည်း ကြားသိရပါတယ်။ အဲဒီအပေါ်မှာ ဆောင်ရွက်မည့် အစီအမံတွေလည်း သိချင်ပါတယ်။
ဖြေ။ ရေရှည်အတွက်ကို သတင်းတု၊ သတင်းမှားတွေကို ကျွန်တော်တို့ ဘယ်လို ရှင်းကြမလဲဆိုတာ စောစောပိုင်းကတည်းက ကောင်စီဝင်အဟောင်းတွေ လက်ထက်ကတည်းက ကျွန်တော်တို့ စဉ်းစားထားပါတယ်။ စောင့်ကြည့်လေ့လာရေး ကော်မတီ တစ်ခုဖွဲ့မယ်။ အလုပ်များတဲ့အတွက် မလုပ်နိုင်သေးတာပါ၊ အခုတော့ ကျွန်တော်တို့ ဒီကိစ္စနဲ့ ဆက်စပ်ပြီး အကောင်အထည်ဖော်ကြဖို့ ပြင်ဆင်နေပါတယ်။ အခုလာမယ့် လပတ်အစည်းအဝေးမှာ စဖွဲ့ပါမယ်။
ဖွဲ့ရင်းနဲ့ ဒါတွေကို တတ်နိုင်တဲ့ဘက်က ဖော်ထုတ်ပါမယ်။ ကျွန်တော်တို့အစီအစဉ်မှာ ဒါကို သီးခြားဝန်ထမ်းခန့်ပြီး ဆောင်ရွက်ဖို့ အားခဲထားပါတယ်။ ဒါတွေကကျွန်တော်တို့ကို၊ တိုင်းပြည်ကို ဒုက္ခပေးတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့ Recover ဖြစ်အောင် ကြိုးစားမယ်လို့ ပြောချင်ပါတယ်။
မေး။ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုပွဲမှာ သမ္မတကြီးက မိန့်ခွန်းပြောကြားရာမှာ “နိုင်ငံတကာအသိုင်းအဝိုင်းအလယ်မှာ ကျွန်တော်တို့အား မွေးဖွားပေးလိုက်တဲ့ အမိနိုင်ငံတော်ရဲ့ ပုံရိပ်မြင့်မားလာအောင်၊ ကျွန်တော်တို့ နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာ ပို၍ မြင့်တက်လာအောင် သတင်းမီဒီယာရဲ့စွမ်းအားနဲ့ ပုံဖော်ပေးနိုင်ကြပါ”လို့ ပြောကြားမှု အပေါ် ဆရာတို့ရဲ့အမြင်နဲ့ သဘောထားကိုလည်း သိပါရစေ။
ဖြေ။ ခုန ကျွန်တော်တင်ပြခဲ့တဲ့အပိုင်းမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ချက်၊ ခံယူချက်နဲ့ ရေကိုသား အကြားမထင်သကဲ့သို့ ပြည်သူနဲ့အတူ ညီညီညွတ်ညွတ်နဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ဒီမိုကရေစီပန်းတိုင်ရောက်သည်အထိ ကြံ့ကြံ့ခံ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောခဲ့ပါတယ်။
ဒါကိုလည်း ကျွန်တော်တို့က နိုင်ငံတော်သမ္မတကြီးနဲ့ တစ်သားတည်းခံယူပြီး ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး နိုင်ငံတော်သမ္မတကြီးမိန့်ကြားတဲ့ မိန့်ခွန်းမှာ ကျွန်တော်တို့ကိုလမ်းညွှန်တာက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်း ပေါ်ပေါက်စေရေးအတွက် တွေ့ကြုံနေရတဲ့ အခက်အခဲ အကျပ်အတည်းများ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကြားမှ ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေရတဲ့ အချိန်ကာလမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ မြန်မာ့မီဒီယာလောကကို ဦးဆောင်ဦးရွက် ပြုကြရမယ့် သတင်းမီဒီယာကောင်စီဝင်များအနေနဲ့ (၁)သတင်း မီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရည်ရွယ်ချက်များကို အကောင်အထည် ဖော်နိုင်ကြပါစေ၊ (၂) သတင်း မီဒီယာသမားများရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေကို ဥပဒေနဲ့အညီ ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ကြပါစေ၊ (၃)သတင်းမီဒီယာလောကသားများ ကျင့်ဝတ် စည်းကမ်းများနဲ့အညီ လုပ်ဆောင်နိုင်ရေးအတွက် ဦးဆောင်နိုင်ကြပါစေ၊ (၄)နိုင်ငံသားတိုင်းရဲ့ သတင်းသိပိုင်ခွင့်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ကြပါစေ၊ (၅)နိုင်ငံတကာ အသိုင်းအဝိုင်းအလယ်မှာ ကျွန်တော်တို့အား မွေးဖွားပေးလိုက်တဲ့ အမိနိုင်ငံတော်ရဲ့ ပုံရိပ် မြင့်မားလာအောင်၊ ကျွန်တော်တို့နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာ ပို၍မြင့်တက်လာအောင် သတင်းမီဒီယာရဲ့စွမ်းအားနဲ့ ပုံဖော်ပေးနိုင်ကြပါစေလို့ နိုင်ငံတော်သမ္မတ လမ်းညွှန်မိန့်ကြားပါတယ်။
အဲဒီ လမ်းညွှန်ချက်ငါးချက်ကို ကျွန်တော်တို့ကောင်စီအနေနဲ့ အလေးအနက်ခံယူပြီး ဒီအတိုင်း အကောင်အထည်ဖော်ပါ့မယ်လို့ ကျွန်တော်ပြောကြားလိုပါတယ်။ ကျွန်တော်တို့ လာမယ့် လပတ်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတမိန့်ခွန်းကို တင်ပြီး ကျွန်တော်တို့ ဆွေးနွေးပါမယ်။ လမ်းညွှန်မူတစ်ရပ်အနေနဲ့ ကျွန်တော်တို့ ခံယူသွားပါမယ်လို့ ဒီကနေ ကျွန်တော် ထည့်သွင်းပြောချင်ပါတယ်။ အဲဒီထဲမှာ အကောင်းဆုံးက နံပါတ် ၅ အပိုဒ်ပါပဲ။ ကျွန်တော်တို့ ဒီနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ နိုင်ငံတကာဖိအားတွေကို ကျွန်တော်တို့ဟာ နိုင်ငံသားတွေနဲ့အတူ ကျွန်တော်တို့နိုင်ငံ ဂုဏ်သိက္ခာပိုမိုမြင့်တက်အောင် ဆောင်ရွက်ရမယ့်တာဝန်ဟာ ကျွန်တော်တို့ သတင်းသမားတွေ၊ မီဒီယာသမားတွေရဲ့ အဓိကတာဝန်လည်းဖြစ်ပါတယ်။ ဒီဟာကို အောင်မြင်အောင်လို့ ကျွန်တော်တို့ဝိုင်းဝန်းပြီး အကောင်အထည်ဖော် တည်ဆောက်သွားမယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း - ရဲခေါင်ညွန့်၊ နန္ဒာဝင်း
(ဆက်လက်ဖော်ပြပါမည်)